Monday, March 29, 2010

ချစ်သူသိစေရန်

မိုးရာသီမှာ လူတွေအတွက် လူဆိုတာက ချစ်သူနဲ့ဝေးနေတဲ့ သူများ အတွက်ကိုဆိုလိုတာပါ လွမ်းဆွေးဖို့ကောင်းတဲ့ရာသီလေး တစ်ခု ဖြစ်နေတယ်ဆိုတာ ကိုယ်မယုံမိဘူး အခုတော့ ချစ်သူနဲ့တွေ့တဲ့နေ့မှစပြီးတော့ အလွမ်းဆိုတဲ့အရာလေးတစ်ခုကို ခံစားတတ်ခဲ့ပါပြီ မိုးလေးအုံ့ပြီးတော့ ရွာမလိုလိုနဲ့ ညာသံပေးနေတဲ့ မိုးနတ်မင်းကို တစ်ခါတစ်လေ မျက်စောင်းခဲမိချင်သေး ချစ်သူကို သတိရအောင်လုပ်ပေးလို့ပါ အနေဝေးနေတဲ့အတွက် လွမ်းငွေ့တဝေေ၀ဖြစ်နေရတဲ့သူကိုမှမစာနာ ခုလိုမျိုး နှိပ်စက်နေရလားဆိုပြီးတော့ပေါ့ ချစ်သူနဲ့စသိခဲ့တဲ့အချိန်က ည အဲဒီနေ့ညမှာ မိုးတွေမရွာပါဘူး ဒါပေမယ့် အေးစိမ့်စိမ့်လေးတော့ရှိတယ် ချစ်သူနစ်လေးကိုကိုယ်အက်လိုက်မိတယ် ညက ဖေဖော်ဝါရီ 19 ရက်နေ့ပါ အချစ်တွေနဲ့ထုံမွမ်းထားတဲ့ လလည်းဖြစ်တဲ့ ဖေဖော်ဝါရီလမှာပေါ့ ည10ခွဲ ကျော်လောက်မှာ ချစ်သူက အွန်လိုင်းပေါ်ပုံမှန်တက်နေကျ သူနဲ့လည်းအမြဲတမ်း အဲဒီအချိန်မှာ နှုတ်ဆက်နေကျ အဲဒီအချိန်တုန်းကတော့ ချစ်သူနဲ့ ကိုယ့်ဟာ သာမန် သူငယ်ချင်း တစ်ယောက်အနေနဲ့ပဲ စကားတွေပြောဖြစ်တယ် ရန်ဖြစ်တယ် ကိုယ့်နာမည်ကို သူက ဝေဖန်တဲ့အတွက် မကျေနပ်လို့ အစက ဘလောက်တောင် လုပ်ပစ်မလို့ အဲဒီအထိ ချစ်သူကို စိတ်တွေဆိုးခဲ့မိတယ် အမှန်တော့ ချစ်သူဟာ သူများကိုပျော်ရွှင်အောင် လုပ်တတ်တဲ့လူတစ်ယောက်ဖြစ်မှန်း အစကသိခဲ့ရင် အရင်ကကိုယ့်လုပ်ရပ်အတွက် ချစ်သူကို အားတုံ့အားနာ ဖြစ်မိပါရဲ့ ကိုယ့်ကိုယ်ကို လည်းအပြစ်တင်မိတယ် ချစ်သူနဲ့တွေ့ရင် တစ်ခါတစ်လေ စကားမပြောဖြစ်ဘူး သူ့ကိုလျစ်လျူရှုမိတာလည်း အကြိမ်ကြိမ်အခါခါပါပဲ ကိုယ့်ဖုန်းနံပတ်ကိုတောင်းတော့လည်းမပေးမိဘူး ဒီလုပ်ရပ်ဟာ ချစ်သူကို ဘယ်လောက်တောင် နာကျင်စေမလဲဆိုတာ အစကသာတွေးမိမယ်ဆိုရင်ပေါ့ မတ်လ 26ရက်နေ့မှာ မထင်မှတ်ပဲ ချစ်သူအကောင့်နဲ့ သူ့မမ တက်လာတယ် ကိုယ်လည်းမထင်ဘူးလေ ချစ်သူကဒီချိန်ဘာလို့တက်လာပါလိမ့်ဆိုပြီး စနောက်မိတယ် ဟိုဘက်လည်းပြန်စလာတော့ ဒါဟာချစ်သူမဖြစ်နိုင်ဘူး ဘယ်သူက ချစ်သူအကောင့်ကိုသုံးနေလည်း ဆိုပြီးတော့ စိတ်ဆိုးဆိုးနဲ့အော်ခဲ့မိတယ် နောက်မှချစ်သူအစ်မမှန်းသိတော့ အားနာနာနဲ့ တောင်းပန်မိတယ် တစ်ကယ်မထင်မှတ်တဲ့အဖြစ်အပျက်လေးတစ်ခုပါပဲ ချစ်သူမှာ အရင်က အရမ်းချစ်ခဲ့တဲ့ ကောင်မလေးတစ်ယောက်ရှိတယ်ဆိုပဲ အခုအဲဒီကောင်မလေး ဆုံးလို့ သူ့ရဲ့ (၂) နှစ်ပြည့်တဲ့အထိမ်းအမှတ်လေးကို ချစ်သူက လာတာတဲ့လေ ဒါတွေအားလုံးကို ချစ်သူအစ်မ ပြန်ပြောပြမှသိခဲ့ရတာပါ ကိုယ့်ကို ချစ်သူကိုယ်တိုင်က ဖွင့်မပြောရက်လို့ အခုလိုမျိုး သူ့မမလေးကို သူ့ရဲ့ကိုယ်စား လာပြောပြခိုင်းတယ်လို့တော့ ထင်တာပဲလေ ဘာဖြစ်ဖြစ် စိတ်မကောင်းဘူး ချစ်သူဟာ သူ့ကောင်မလေးကို အခုထိ မမေ့နိုင်သေးတဲ့အကြောင်း ချစ်သူရဲ့ အစ်မက ပြောတော့ ပိုပြီး သနားလာတယ် ကိုယ်ချင်းလည်း အလိုလိုစာတတ်လာတယ် ချစ်သူဘယ်လောက်ခံစားနေရမလဲ ဘယ်လောက်ကြေကွဲနေရမလဲဆိုတာကို မြင်ယောင်ပြီး ရင်ထဲမှာ ဆို့တက်လာတဲ့ခံစားချက်ကို မျိုချကာ ချစ်သူကို နှစ်သိမ့်ဖို့ကြိုးစားရတာပေါ့ ဒါပေမယ့် အချည်းနှီးပါ ချစ်သူဟာ ကိုယ့်ကို စကားတောင်ပြန်မပြောနိုင်လောက်အောင်ကိုနာကျင်ခံစားနေရတယ်ဆိုတာ အဲဒီအချိန်တုန်းက မတွေးမိပဲနဲ့ ချစ်သူကိုအထင်လွဲခဲ့တာလည်း အခါခါပါပဲ သူ့ကောင်မလေးလောက်တောင် ငါ့ကိုအလေးမထားဘူး ဆိုပြီးတော့လည်း ၀မ်းနည်းမိတယ် ချစ်သူကိုလည်း ဘယ်တော့မှမခေါ်တော့ဘူးလို့ဆုံးဖြတ်ပြီး messageပို့ခဲ့မိတယ် ဒါပေမယ့်ကိုယ်ထင်တာတလွဲတွေပဲဆိုတာ နောက်မှချစ်သူရဲ့ message လေးမြင်မှ အသိတရားရမိတယ် ချစ်သူဟာတစ်ချိန်က သူ့ကောင်မလေးနဲ့ သိပ်ချစ်နေရဲ့နဲ့ ရုတ်တရက်ကြီးခွဲခွာသွားတော့ ဘယ်သူမဆို အနဲနဲ့အများတော့ ခံစားမိမှာပဲဆိုပြီးတော့ ချစ်သူရဲ့ ခံစားချက်တွေဘယ်လောက်ပြင်းထန်သလဲဆိုတာ အဲဒီအချိန်မှာ ကိုယ်ချင်းစာတတ်လာတယ် ချစ်သူကို ခုလိုအချိန်မှာ ပိုပြီး အားပေးသင့်တယ်ဆိုတာကိုလည်း သဘောပေါက်လာတယ် ကိုယ့်စိတ်ထဲမှာ ချစ်သူကို အလိုလိုနေရင်း သနားလာမိတယ်…………
ချစ်သူက ကိုယ့်ကို နောက်၂ရက်၃ရက်ကြာမှ စကားတွေပြန်ပြောလာတယ် သူ့ခံစားချက်လည်း နဲနဲသွေးအေးသွားလို့ဖြစ်မှာပါ အဲဒီချိန်ကနေစပြီး ချစ်သူကို အားပေးဖို့ နှစ်သိမ့်ဖို့ အင်အားတွေပိုလာမိတယ် အရင်ကတစ်ခါမှ မပေးဘူးတဲ့ ဖုန်းနံပတ်ကိုလည်း ချစ်သူကိုပေးခဲ့မိတယ် သူနဲ့စကားတွေပြောချင်တဲ့စိတ်က အတားအဆီးမဲ့ဖြစ်လာလို့ပါ ချစ်သူမှာ သိပ်ချစ်ခဲ့တဲ့ကောင်မလေးတစ်ယောက်ရှိနေတယ်ဆိုတဲ့ မနာလို အူတို တတ်တဲ့ စိတ်ရိုင်းလေး ကလည်း ဘယ်ချိန်တုန်းက စိတ်ထဲလာပြီးခိုအောင်းနေမှန်းမသိတော့ပေ အခုချစ်သူရဲ့ဟာနေတဲ့နှလုံးသားကွက်လပ်ထဲမှာ ဘာဖြစ်ဖြစ် ကိုယ်တစ်ဦးတစ်ယောက်တည်းပဲ အပိုင်စီးထားချင်တဲ့စိတ်တွေ အလိုလိုပေါ်လာတယ် မထင်မှတ်တဲ့နေ့လေးမှာပဲ ချစ်သူဟာ ကိုယ့်ကို ချစ်တယ်တဲ့ ဒီစကားဘယ်တော့မှမကြားရတော့ဘူးလို့ ထင်နေတဲ့ ကိုယ်ဟာ မှိုရတဲ့မျက်နှာနဲ့ လအစင်းပေါင်း တစ်ရာလောက် ထွန်းလင်းတောက်ပမှု ပေးထားတဲ့မျက်နှာနဲ့ပေါ့ ဒီတစ်ကမ္ဘာမှာ ကိုယ့်လောက်ပျော်တာဘယ်သူများရှိအုံးမလဲလို့လေ ဒါပေမယ့်ချစ်သူ ကိုယ့်အတွေးထဲမှာ ချစ်သူဟာ အရင်ကသိပ်ချစ်ခဲ့တဲ့ကောင်မလေးရှိတယ်ဆိုတာ ခဏလေးတော့ မေ့သွားတယ် သတိရချိန်မှာ ချစ်သူကို ဘယ်လိုတုံ့ပြန်မှုမျိုးနဲ့ငြင်းရမလဲဆိုတာ အချိန်ချိန်အခါခါ အဖြေထုတ်ခဲ့မိတယ် ကိုယ့်မှာလည်း အရင်ကတည်းက ကျန်းမာရေးညံ့ဖျင်း ခဲ့တဲ့လူတစ်ယောက်ဖြစ်ခဲ့လို့လည်း ချစ်သူကိုနောက်တစ်ဖန် မနာကျင်စေချင်တာလည်း ပါတာပေါ့ချစ်သူရယ်
ချစ်သူကို အကြိမ်ကြိမ်အခါခါ ငြင်းဆန်ခဲ့ပေမယ့် နှလုံးသားကို မလွန်ဆန်နိုင်တဲ့ ဂျူလိုင် ၁၁ ရက်နေ့မှာတော့ အဖြေပေးလိုက်မိတယ် ချစ်သူကို နောက်ထပ် ကိုယ့်အတွက်နဲ့ မခံစားစေချင်လို့ပါ အလုပ်အရမ်းများနေတဲ့ကြားက ကိုယ့်ကိုချစ်တဲ့အကြောင်း တဖွဖွပြောနေတဲ့ချစ်သူကို သနားမိတဲ့နှလုံးသား ကြောင့်လည်း ပါမှာပါ ချစ်သူဟာအရင် ကိုယ်နဲ့မတွေ့ခင်အချိန်ထိ ကောင်မလေးဆုံးသွားတဲ့နောက်ပိုင်းမှာပေါ့ အထီးကျန်ဆန်လွန်းတဲ့နေ့ရက်တွေကို ပင်ပန်းစွာ ဖြတ်သန်းရင်း စိတ်ကို အလုပ်ထဲမှာပဲနှစ်ထားပြီး ၀မ်းနည်းအားငယ်နေတဲ့အချိန်တွေကို ထပ်မကြုံစေချင်လို့ ပြီးတော့ ချစ်သူကို ငြင်းဆန်ဖို့ ဓိကျတဲ့အကြောင်းပြချက်ရှာမရတာလည်းပါတယ် အရင်ကတော့ ကလေးဆိုးကြီးတစ်ယောက်လို ချစ်သူကို ဟိုကောင်မလေးနဲ့စွပ်စွဲလိုက် သ၀န်တိုပြလိုက်နဲ့ အမျိုးမျိုး ငြင်းဆန်ခဲ့တဲ့အချိန်တွေကို သီးခံရင်း ကိုယ့်ဆီကချစ်အဖြေလေးကြားရဖို့ စိတ်ရှည်စွာစောင့်ဆိုင်းနေတဲ့ ချစ်သူကိုလည်း ကိုယ်ချင်းစာလာတယ် ကိုယ်နဲ့ပတ်သက်ပြီးတော့ ချစ်သူက အရာရာအလျှော့ပေးနေတယ်ဆိုတာကို သိသိကြီးနဲ့အနိုင်ယူမိတဲ့အတွက်လည်း စိတ်မကောင်းဖြစ်မိတယ် ချစ်သူရဲ့ စိတ်ကို လိုက်လျှော ပေးတာဆိုလို့ တစ်ခုပဲရှိခဲ့ပါတယ် အဲဒါကတော့ ချစ်သူက သူ့ကို “......“လို့ခေါ်စေချင်တဲ့စကားလေးတစ်ခွန်းပဲဖြစ်ပါတယ် အဲဒီစကားလေးတစ်ခွန်းကိုခေါ်ဖို့ဆိုတာ ကိုယ်ကလနဲ့ချီပြီးအချိန်ဆွဲခဲ့မိသေးတယ် အဲလိုစကားလုံးကြီးကို တစ်သက်လုံးမခေါ်ဘူးလို့ သန္ဓိဌာန် ချထားခဲ့တဲ့အတွက်ကြောင့်လည်း တွေဝေမှုတွေနဲ့ ကြီးဆိုးခဲ့တာပါ နောက်မှ ချစ်သူရဲ့နှလုံးသားထဲမှာ အနာတစ်ခုတောင်မကျက်သေးပါလား ဒါကိုကိုယ်က ထပ်ပြီးနာကျင်အောင်မလုပ်သင့်ဘူးဆိုတာကို စဉ်းစားမိပြီးတော့ ချစ်သူကို “မောင်“ လို့ခေါ်ခဲ့မိတယ် အခုတော့လည်း ချစ်သူကို အဝေးကနေပဲချစ်နေရပေမယ့် ကျေနပ်ပါတယ် ရှေ့ဆက် ဘာတွေဖြစ်လာမလဲဆိုတာတော့ ချစ်သူပေါ်မှာပဲမူတည်နေတာမို့ အခုတော့ သြဂုတ်လရဲ့ မိုးရာသီနဲ့အတူ ချစ်သူကို လွမ်းရပေအုံးမည်…………………..

once in a while

လောကကြီးက အရမ်း ဆူညံလွန်းတယ်
ကျွန်တော့ အသံကခပ်တိုးတိုးနဲ့ ပြောချင်တာတွေအားလုံး
ဘယ်သူမှ မကြားကျဘူး ၊
လောကကြီးနဲ့  အပြိုင် ကျွန်တော်လဲ လိုက် မအော်နိုင်ဘူး
ကျေးဇူးပြုပြီး တိုးတိုးလေး ခဏ နားစဉ် ကြည့်ပါ
တခါတလေတော့ ဗျာ လောကကြီးက အထီးကျန်ဆန်လွန်းတယ် ။

အိမ်ခေါင်မိုးပေါ်တက်ကြည့် ကြည့်တယ်
ကျွန်တော် ကအမြင့်ကို သိပ်ကြောက်တယ်
ခုန်ချဖို့  မပြောနဲ့  ပြုတ်ကျမှာကိုတောင် ကြောက်တယ်
ကြယ်တွေက ကျွန်တော့ကို လှောင်ပြောင်ကြတယ်
လမင်းကြီးက ကျွန်တော့်ကို ပြုံးပြတယ်
ကြယ်တွေအတွက် သီချင်းတစ်ပုဒ် ဟစ်ဆိုပြလိုက်ပြီး
အားရပါးရ လမင်း ကြီးကို ပြန်ပြုံးပြလိုက်တယ်
တခါတလေတော့ ဗျာ ကောင်းကင်ကြီးက အထီးကျန် ဆန်လွန်းတယ် ။

အမြဲတမ်းစီးဆင်းနေတဲ့ မြစ်တစ်ခုကို သွားကြည့်ကြည့်တယ်
ကျွန်တော် ရေနစ်မှာ အရမ်းကြောက်တယ်
လှိုင်းတွေက တဝေါဝေါနဲ့ ရေတွေက နိမ့်လိုက် မြင့်လိုက်
ဘ၀ကတော့ ဒီလိုပဲ အဲဒီမြစ်ကြီးကိုပဲ တချိန်လုံး ဖြတ်နေရတယ်
အသက်ကယ် ဘောတစ်ခု ကျွန်တော် ၀ယ်ပြီး ဆောင်ထားတယ်
တခါတလေတော့ ဗျာ ဒီမြစ်ကြီးက အထီးကျန် ဆန်လွန်းတယ် ။

ကြိုးကြိုးစားစား ကျွန်တော် တွက်ချက် လေ့လာပါတယ် ၊
သတိထားပြီးတော့ အမြဲတမ်း အရောင်းအ၀ယ် လုပ်ပါတယ်
ဒါပေမဲ့ မသိကိန်းတွေက အရမ်းများလွန်းနေတယ်
ဘယ်လိုရောင်းရောင်း ဘယ်လိုဝယ်ဝယ် ကျွန်တော်ရှုံးပါတယ်
တခါတလေတော့ ဗျာ ဒီလိုဈေးသည်ဘ၀ကြီး အထီးကျန် ဆန်လွန်းတယ် ။

ဆရာတော်ဘုရားက ဟောထားတယ်တဲ့
နေတတ်ရင် ကျေနပ်စရာပါဆို သလားဘဲ ကျွန်တော်ကြားဖူးခဲ့တယ်
ကျွန်တော် နေလဲ နေတတ်ပါတယ် ကျေလဲ ကျေနပ်ပါတယ် ၊
ဒါပေမဲ့ဗျာ
တခါတလေတော့လေ ကျွန်တော့ဘ၀ကြီး အထီးကျန် ဆန်လွန်းတယ် ။ ။

Thursday, March 25, 2010

ကျနော်မပိုင်တော့တဲ့ ငါ

“ကျနော်မပိုင်တော့တဲ့ ငါ”



ချိနဲ့ ပျော့ခွေနေတဲ့ 

ငါ့ဝိဥာဉ်ကို မင်းခြေရင်းမှာ

ငါရှာတွေ့ တယ်။



သွေးကြောင်နေတဲ့

ငါ့အတ္တကို မင်းမာနမှာ

ငါရှာတွေ့ တယ်။



ဒူးထောက်နေတဲ့

ငါ့ချစ်ခြင်းမေတ္တာကို မင်းကိုယ်ပေါ်မှာ

ငါရှာတွေ့ တယ်။



မှုန်ဝါးနေတဲ့

ငါ့အနာဂတ်အိပ်မက်ကို မင်းလက်ထဲမှာ

ငါရှာတွေ့ တယ်။



အဲ့ဒီ ငါရှာတွေ့ တာတွေကို

မင်းဆီမှာ ငါရှာတွေ့ တယ်။



ရဲဝင့်သူ

အချစ်ဇာတ်

တံခါးမခေါက်ပဲ ရောက်လာတဲ့မိန်းကလေးရေ
ငါ့ရင်ဘတ်ပေါ်မှာ ပွင့်လန်းတတ်ဖို့
ဖွင့်ထားတဲ့စာမျက်နှာတွေက
ဇာတ်နာတပုဒ်သာသာဖြစ်ပေမယ့်
မင်းဖတ်ဖို့တော့လိုမယ်လေ...

ခပ်မှောင်မှောင် အခန်းတွေယိုစိမ့်
အလင်းပြပြသာရှိတဲ့ ရုရှားဆန်ဆန်ငါ့နှလုံးသားက
အကျဉ်းထောင်တခုတော့မဟုတ်ချေဘူး
အရာအားလုံးကို စိမ့်ဆင်းသွားဖို့ဆိုတာ
မဖြစ်နိုင်သေးပေမယ့် အချစ်တခုအတွက်သာ
ခွေးလေးတကောင်လို ရိုးသားချင်တာ ငါပါ...

ဂျစ်ပစီလို စိတ်ကူးဖဲတချပ်ပွတ်ရင်း
ကန္တာရကိုလှပစွာသောက်သုံးတတ်ဖို့
အိုအေဆစ်တခုဖြစ်နေပေးပါလို့
စကားတခွန်း ထွက်မကျဖူးရင်တောင်
အလိုလို ကြားယောင်နေပါချစ်သူ...

ချစ်ခြင်းကိုသာကိုးကွယ်လို့
ဘာသာမဲ့တေးတပုဒ်ဖြစ်နေရင်တောင်
ရင်ဘတ်နဲ့ခြွေချနေတဲ့ ငါ့တေး
မင်းရင်ဘတ်ကို ထိခတ်လို့
ပန်းနုရောင်ပန်းတွေပွင့်စေချင်တာ
ထာဝရပါချစ်သူ.

Monday, March 22, 2010

ယမမင်းနှင့်တွေလိုလျှင်

ယမမင်းနှင့် တွေ့လျှင်*
စတုမဟာရာဇ် နတ်တို့တွင် အပါအ၀င် ဖြစ်သော ဝေမာနိက ပြိတ္တာမင်းကိုပင် ယမမင်းဟု ခေါ်၏။ တစ်ခါတရံ နတ်စည်းစိမ်ကို ခံစား၍ တစ်ခါတရံမှာမူ မကောင်းမှုကံ အကျိုးကို (ရိုးရိုး ပြိတ္တာများ ကဲ့သို့) ခံစားရ ရှာသေး၏။ ထို ယမမင်းကား တစ်ယောက်သာ မက အများပင် ရှိလေသည်။ လူ့ဘုံ၌ အစိုးရများ ရုံးထိုင်သလို ယမမင်းများလည်း ငရဲဘုံ၏ တံခါး လေးဖက်၌ ရုံးစိုက်ကြ ပြီးလျှင် ငရဲ ရောက်လာသူ များကို စစ်ဆေး မေးမြန်းကြသည်။

သို့သော် ငရဲသို့ ရောက်လာသူတိုင်း အစစ်ဆေး ခံရသည် မဟုတ်။ အကုသိုလ် ကြီး၍ ထင်ရှားသူတို့မှာ တစ်ခါတည်း ငရဲသို့ ကျရလေသည်။ အကုသိုလ် နည်းပါးသူများ အတွက် လွတ်လို လွတ်ငြား အနေအားဖြင့် ယမမင်းထံ အစစ်ဆေးခံခွင့် ရလေသည်။ ထို့ကြောင့် ယမမင်း၏ စစ်ဆေးမှုမှာ အပြစ်ရှာလို၍ မဟုတ်။ လွတ်သင့်က လွတ်ခွင့် ရစေလိုသောကြောင့် ဖြစ်သည်။ ယခုအခါ အယူခံ ရုံးမင်းများနှင့် အလားတူ ပင်တည်း။ သို့အတွက် ယမမင်း ဟူသည်မှာ တရားစောင့်သော မင်းကောင်း မင်းမြတ်ပင်တည်းဟု မှတ်ပါ။ (ဥပရိ ပဏ္ဏာသ၊ ဒေ၀ဒူတသုတ်)

ငရဲထိန်းများလည်း စတုမဟာရာဇ် နတ်မျိုး အပါအ၀င် နတ်ဘီလူး နတ်ရက္ခိုသ် များတည်း။ ထို ငရဲထိန်းများ၏ အလုပ်ကား အနည်းငယ်သော အကုသိုလ်ဖြင့် ကျရောက် လာသူများကို ယမမင်းထံ ပို့ခြင်း၊ ငရဲသို့ ရောက်ပြီးသူများကို လက်မရွံ့ အာဏာသားများ ကဲ့သို့ ရက်စက် ကြမ်းကြုတ်စွာ သတ်ပုတ် ရိုက်နှက်ခြင်း ပင်တည်း။ (ငရဲမီး စသော အန္တရာယ်တို့သည် ကံကြောင့် ဖြစ်ရသော ကမ္မပစ္စယ ဥတုဇရုပ်များ ဖြစ်ရကား ငရဲခံမည့် သူ၌သာ ပူလောင်၍ ထိုငရဲထိန်းတို့မှာ မပူလောင်ချေ။)

အများ ကြားဖူးနားဝ ရှိအောင် ဒေ၀ဒူတ သုတ္တန် ပါဠိတော်လာ ယမမင်း စစ်တမ်းကို အကျဉ်းချုပ် ပြဦးအံ့။ လူ့ပြည်မှာ ရှိသော ကလေး၊ သူအို၊ သူနာ၊ သူသေ၊ အကျဉ်းသမား ငါးဦးသားကို ယမမင်း စေလွှတ်အပ်သော တမန်တော် မဟုတ်သော်လည်း အလားတူ ဖြစ်သောကြောင့် ဒေ၀ဒူတ ဟုခေါ်သည်။ ယမမင်းသည် မိမိထံမှောက်သို့ ရောက်လာသော ငရဲသားများအား ဒေ၀ဒူတ ငါးမျိုးကို ဖော်ပြလျက် စစ်ဆေးလေ့ ရှိသည်။

ယမမင်း။ ။မောင်မင်း.. လူ့ပြည်မှာတုန်းက မိမိ၏ ကျင်ကြီး ကျင်ငယ်ကို မသုတ်သင် နိုင်ဘဲ ကျင်ကြီး ကျင်ငယ်ထဲ၌ လူးကာ လှိမ့်ကာ နေရရှာသော ကလေးငယ်များကို မတွေ့ခဲ့ဘူးလား။

ငရဲသား။ ။တွေ့ခဲ့ပါသည်။

ယမမင်း။ ။မိမိကိုယ်တိုင် နားလည်သော အရွယ်သို့ ရောက်သောအခါ ထို ကလေးများကို ကြည့်ရှု၍ “ငါသည် ဘာမျှ နားမလည်ရှာ သေးသော ယခုလို ကလေးသူငယ် ဖြစ်ဖို့ရာ နောင်ခါ ပဋိသန္ဓေ နေရဦးမည်။ ပဋိသန္ဓေ နေခြင်း သဘောကို မလွန်ဆန်နိုင် သေးအံ့တကား။ ယခုနှယ်က ကိုယ် နှုတ် စိတ်များကို စောင့်စည်းလျက် ကောင်းကောင်း နေမှသာ တော်တော့မည်” ဟု အကြံအစည်များ မဖြစ်ခဲ့ဘူးလား မောင်မင်း။ (အလွန် ကြင်နာစွာ မေးသည်။)

ငရဲသား။ ။ကျွန်တော် မေ့လျော့နေသည့် အတွက် ကုသိုလ် ကောင်းမှုဘက်၌ စိတ် မ၀င်စားခဲ့မိပါ။

ယမမင်း။ ။မောင်မင်း.. ကောင်းမှုကို ဆွေမျိုး ဉာတကာ ဆရာမိဘ စသူတို့က ပြုပေးသည် မဟုတ်။ မောင်မင်းကိုယ်တိုင် ပြုခဲ့သည် ဖြစ်၍ မိမိ အပြစ်ဒဏ်ကို မေ့လျော့သူတို့ ထုံးစံအတိုင်း မောင်မင်း ခံရချေတော့မည်။

ဤနည်းအတိုင်း သူအိုကို ညွှန်ပြ၍ ဒုတိယအကြိမ် မေး၏။ သူနာကို ညွှန်ပြ၍ တတိယအကြိမ် မေး၏။ သူသေကို ညွှန်ပြ၍ စတုတ္ထအကြိမ် မေး၏။ အကျဉ်းသမားကို ညွှန်ပြ၍ ပဉ္စမအကြိမ် မေး၏။ ၅ ကြိမ် တိုင်တိုင် မေး၍ ကုသိုလ် ကောင်းမှုကို သတိ မရသေးလျှင် ယမမင်းကိုယ်တိုင် “လူ့ဘ၀၀ယ် ထိုသူ ကုသိုလ်ပြုသော အခါ မိမိအား အမျှ ဝေဖူးသလား” ဟု စဉ်းစား၏။ (ဤ အချက်ကို ထောက်၍ ကုသိုလ် ပြုသောအခါ ယမမင်းအား အမျှ ပေးဝေကြသည်။) စဉ်းစား၍ ရလျှင် ထိုကုသိုလ်ကို ဖော်ပြော၏။ ယမမင်းက ပြောခြင်းကြောင့် ဖြစ်စေ၊ မိမိဘာသာ သတိရ၍ ဖြစ်စေ ကုသိုလ်ကို သတိရသည်နှင့် တစ်ပြိုင်နက် ငရဲမှ လွတ်မြောက်၍ နတ်ပြည် ရောက်သူလည်း အများပင် ရှိ၏။ ထိုနေရာမျိုး ကျမှ မိမိ၏ ကုသိုလ်များ အားထားရကြောင်း ထင်ရှားပေသည်။ ယမမင်းကိုယ်တိုင် စဉ်းစား၍ မရသော အခါ ဆိတ်ဆိတ် နေရတော့၏။ ထိုအခါ ငရဲကောင် သတ္တ၀ါကို ငရဲထိန်းတို့ ယူဆောင်လျက် အမျိုးမျိုး နှိပ်စက်ကြ လေတော့သည်။

အရှင်ဇနကာ ဘိဝံသ ရေးသားတော်မူသော ကိုယ်ကျင့် အဘိဓမ္မာမှ…

Saturday, March 20, 2010

သတိထားပါရွှေမြန်မာ

ကိုယ်ရည်စားကလည်း လူမှောင်ခို ကူးပါတယ်......
ဥပမာ။ ။ အင်တာနက်ထဲမှာ တွေသော ချစ်သူရည်စားမျိုး၊ ကိုယ်တခါမှမတွေဘူး၊ မမြင်ဘူး သူတယောက်နဲ့ အကျွမ်းဝင်ပြိး ချစ်သူရည်စားဖြစ်ကာ
ယုံကြည်လာအောင် အမျိုးမျိုးစည်းရုံးသိမ်သွင်းပြိး ပြည်တွင်းနယ်စပ်ဒေသရှိမြို့ များ၊ ပြည်ပနိုင်ငံများသို့ အလုပ်အတူတူလုပ်ရန်၊ အတူခိုးရာလိုက်ပြေးရန် စည်းရုံးခေါ်ဆောင်ပြိး ရောင်းစားတတ်ပါတယ်။

ပြည်ပနိုင်ငံများသို့ တရားဝင်သွားပြိး အလုပ်လုပ်ရန်၊ ပညာသင်ရန် လုပ်ဆောင်နေကြသော အမျိုးသမီး၊ အမျီုးသားများအနေနဲ့
မိမိတို့ ဆက်သွယ်လုပ်ဆောင်သော ပြည်ပအလုပ်ကိုင် ရှားဖွေရေး အေဂျင်စိဟာ နိုင်ငံတော်အစိုးရက အသိမှတ်ပြုသော၊ အလုပ်သမား ၀န်ကြိးဌာန
တွင် တရားဝင် မှတ်ပုံတင်ထားသော လိုင်စင်ရ အေဂျင်စိ ဟုတ်မဟုတ်ကို အလုပ်သမားဝန်ကြိးဌာနရုံးများတွင် ကြိုတင် စုံစမ်းပြီးမှ လုပ်ဆောင်ကြပါရန်။

ကိုယ်နေထိုင်ရာ ရပ်ရွာဒေသမှ ကိုယ်ယုံကြည်ခင်မင်ရသော လူတယောက်က ငွေကြေးမက်လုံးများဖြင့် မိမိနေထိုင်ရာ ရပ်ရွာဒေသနဲ့ အလှမ်းဝေးသော ပြည်တွင်နယ်စပ်ဒေသရှိမြိုများ၊ ပြည်ပနိုင်ငံများသို တရားမ၀င်အလုပ်လုပ်ရန် ပြောဆိုစည်ရုံးသိမ်သွင်းပါက လုံးဝလက်မခံပါနဲ့ မယုံကြည်ပါနဲ့

အိမ်မှထွက်ပြေးလာသော စိတ်ညစ်ပြိး လျှောက်သွားနေသော မိန်းကလေး၊ယောက်ကျားလေးများက မိးရထားဘူတာရုံများ မြို့ပြင်အရပ်ရှိ ကားဂိတ်များတွင် လူမှောင်ခိုပွဲစားများက စည်းရုံးသိမ်သွင်းတတ်သည်။
ပြန်ပေးဆွဲတတ် သည်။

ဥပမာ။ ။ မိးရထားဘူတာရုံများ မြို့ပြင်အရပ်ရှိ ကားဂိတ်များတွင် ယောင်လည်လည်ဖြစ်နေသော မိန်းကလေး၊ယောက်ကျားလေးများက ကိုယ်တခါမှ မမြင်ဘူးသူ မရင်နှိးဘူး လူတယောက်က အလုပ်ကိုင်နေစရာ ရမည်ဟု အပြောကောင်းအဆိုကောင်းဖြင့် စည်းရုံးသိမ်သွင်းပါက လုံးဝမယုံကြည်သင့်ဘဲ ချက်ချင်းထွက်ပြေးလာခဲ့ပါ။

Monday, March 15, 2010

သရုပ်ဆောင်

ရင်ခွင်မှာ
ကွဲအက်မှုက
မျက်နှာမှာ လာပေါ်ပြီ။

ဖုံးဖိမယ်
အပြုံးတုနဲ့
ပျော်ရွှင်ဖွယ် မျက်နှာတု။

နာကျင်မှု
ရင်အစုံကို
ပလာစတာနဲ့ ကပ်။

မင်းပျော်ဖို့
ရုပ်ဖျက်မယ်
အခုချိန်မှာ ငါ့အဖြစ်က
အလွန်တော်တဲ့
သရုပ်ဆောင်တစ်ယောက်။

အစက

အင်ဒိုနီးရှားနိုင်ငံ၊ ဘန်ဒန်းမြို့က ဈေးကြီးကြီး ဟိုတယ်တစ်ခုကို ရောက်ခိုက် ကျွန်တော်နဲ့ ကျွန်တော့်မိတ်ဆွေ ဂိုပါးလ်တို့ဟာ ဂျာဗာရိုးရာ ဂီတကို သာယာနာပျော်ဖွယ် တီးမှုတ်နေတဲ့ တီးဝိုင်းတစ်ခုရဲ့ ဖျော်ဖြေမှုကို ခံစားနေခဲ့ကြသည်။

တီးဝိုင်းအဖွဲ့သားတစ်ယောက် ပလွေမှုတ်နေတာကြည့်ပြီးတော့ ဂိုပါးလ်က

"သူက ပလွေအပေါက်တွေကို ဘာလို့ လက်နဲ့ ပိတ်ပိတ်ထားရတာလဲ " လို့ မေးလိုက်တယ်။ ကျွန်တော်က

" လေမထွက်အောင်လို့ပေါ့ကွာ " လို့ ဖြေလိုက်တယ်။ အဲဒီမှာ သူပြန်မေးလိုက်တာက

" ဒါဖြင့်ရင် ဒီအပေါက်တွေကို အစက ဘာလို့ ဖောက်ထားရတာတုံး " တဲ့။

တန်ဘိုးထားစေချင်

တန်ဖိုးကြီးတဲ့ စကားမို့
တန်ဖိုးထားကာ ပြောမိတယ်
သက်ဆုံးတိုင် ချစ်ပါ၏။

ပန်းတစ်ပွင့်လို လှတဲ့သူမို့
ယုယစွာ ပြောမိတယ်
နူးညံ့စွာ ချစ်ပါ၏။

သိမ့်မွေ့စွာ ယဉ်တဲ့သူမို့
မြတ်နိုးစွာ ပြောမိတယ်
ရင်သိမ့်တုန် ချစ်ပါ၏။

ငါစိတ်မှာ တန်ဖိုးမြှင့်
အလေးထား မြတ်နိုးမိလို့
လေးနက်စွာ ချစ်ပါ၏။

Saturday, March 13, 2010

တုနှိင်းမမှီ

နံနက်ခင်းသစ်တစ်ခုမှာ အရာရာအားလုံး အသစ်တွေ ဖြစ်နေတယ်လို့ သူမ ခံစားရတယ်။ ဆေးရုံနံရံက ပြူတင်းပေါက် ရှည်ရှည်လေးတွေကနေ နေရောင်ခြည်က နွေးထွေးစွာ ဖြာကျလို့။ ခန်းဆီးစလေးတွေ လွန့်လွန့်လူးလူး ဖြစ်အောင် ကြည်ဆယ်ဆော့ကစားရင်း ၀င်လာတဲ့ လေပြည် နုအေးကလဲ စိတ်ခြမ်းမြေ့စရာ။ မိခင်သစ်တစ်ယောက် အတွက်တော့ ဒီနေ့ဟာ ဘယ်လောက် မင်္ဂလာရှိလိုက်သလဲ။ ဒီနေ့ နံနက်ခင်း စောစောမှာပဲ သူမ သားဦးလေးကို အောင်အောင်မြင်မြင် မွေးဖွားနိုင်ခဲ့တယ်လေ။ အိုး၊ ကျွန်မသားလေးကို တွေ့ချင် လွန်းလှပါပြီ။
“ကျွန်မသားလေးကို တွေ့ခွင့် ရနိုင်မလားဆရာ”
ဆရာဝန်က ဖျော့တော့တဲ့ အပြုံးတစ်ခုနဲ့ သားလေးကို သူမထံပါး ခေါ်လာတယ်။ နောက်တော့ သက်ပြင်း တစ်ချက်ချပြီး ဆေးရုံက နံရံဖြူဖြူတွေဆီ အဓိပ္ပါယ်မဲ့ ငေးမောလို့နေတယ်။ သားလေးက သူ့အဖေလို ခန့်ခန့်ငြားငြားနဲ့ ချောတဲ့ အဖေတူသားလေးလား။ ဒါမှမဟုတ် သူမလို နုနုနယ်နယ်နဲ့ ချောမဲ့ အမေတူသားလေး ဖြစ်မလား။ သူမရင်တွေ တဖျတ်ဖျတ်ခုန်ရင်း သားလေးမျက်နှာကို သိုင်းထုပ်ထားတဲ့ အနှီးစလေးကို ဖြေကြည့်မိတယ်။ ကြည့်စမ်းပါအုံး။ ချောလိုက်တဲ့သားလေး။ သူမနဲ့ပဲ တူသလိုလို၊ သူ့အဖေနဲ့ပဲ တူသလိုလို။ သားလေးခေါင်းပေါ်က အနှီးစလေးတွေ ဖြေချလိုက်တော့ ရင်ဘတ်ထဲက နှလုံးတစ်စုံလုံး ခုန်ထွက်သွားမတတ် နာကျင်သွားရပြီး ဘုရား တမိတယ်။ သားလေးမှာ နား၇ွက်လေး နှစ်ဘက် ပါမလာဘူး။ နားရွက်လေးတွေ နေရာမှာ အပေါက်လေးတွေ ဟောင်းလောင်းနဲ့။ ဘယ်လို ကံကြမ္မာကများ သားလေးကို ရက်စက် လိုက်တာပါလိမ့်။ သားလေးကို ကြည့်ရင်း သူမ ရှိုက်ငင် ငိုကြွေးမိတယ်။ သူမ ယောက်ျားက သူမပခုံးကို ဆုပ်ကိုင်ထွေပွေ့ရင်း သားလေးမှာ နားရွက်လေး နှစ်ဘက် ပါမလာတာက လွဲရင် ကျန်တဲ့ အင်္ဂါ အစိတ်အပိုင်း အားလုံး ပြည့်စုံကောင်းမွန်ကြောင်း နှစ်သိမ့်နေတယ်။
တဖြည်းဖြည်း ရက်တွေ ရလာတော့ သားလေးရဲ့ အကြားအာရုံက ထင်ထားသလို မချို့ယွင်းပဲ ကောင်းမွန်တာ သိသာလာတဲ့အခါ သူမ ပျော်လိုက်တာ။
ဒီလိုနဲ့ သားလေး တဖြည်းဖြည်း ကြီးပြင်းလာခဲ့ပြီး ကျောင်းထားရတဲ့ အရွယ် ရောက်လာခဲ့ပြီ။ ကျောင်းကနေ ပြန်လာတော့ သားက သူမရင်ခွင်ထဲ ပြေးဝင် ငိုရှိုက်နေခဲ့တယ်။ သူမ စိုးရိမ်ထားခဲ့သလိုပဲ။ သားလေးက သူတပါး လှောင်ပြောင်တာတွေကို ခံနိုင်ရည် မရှိရှာခဲ့ဘူး။ နောက်ပိုင်းမှာတော့ သားက ဘယ်သူနဲ့မှ အပေါင်းအသင်း မလုပ်ပဲ စာအုပ်တွေနဲ့ အချိန်ကုန်စေခဲ့တယ်။ သားလေး အားမငယ်အောင် သူမ ဘယ်လောက်ပြောပြော သားက ဘယ် သူငယ်ချင်းနဲ့မှ မဆော့ကစားသလို အိမ်ခန်းနဲ့ စာကြည့်ခန်းထဲမှာသာ စာအုပ်တွေနဲ့ လုံးထွေး ကြီးပြင်းခဲ့တယ်။ သားလေးက ဥာဏ်အင်မတန် ကောင်းသလို စာလဲ အင်မတန်တော်တယ်။ အတန်းထဲမှာလဲ သူက အမြဲ ထိပ်ဆုံးက။ တစ်ခုဆိုးတာက သားလေး လူတော မတိုးတာပဲ။ ကျောင်းက ဆုပေးပွဲတစ်ခုမှာ သူစင်ပေါ်တက်တော့ လူတွေ ၀ိုင်းရီတာ ခံရပြီးနောက်ပိုင်း အဲဒီကျောင်းကပွဲ၊ ဆုပေးပွဲတွေကို ဘယ်လို ခေါ်ခေါ် မရတော့ဘူး။ အင်မတန် စကားပြောကောင်းတဲ့ သားဟာ စင်မြင့်ပေါ်မှာ ပရိတ်သတ်ကို ဘယ်လောက်များ စိတ်ဝင်စားအောင် ပြောမလဲ။ ဒါပေမဲ့ သားကို ဘယ်လို အားပေးပေး စင်မြင့်ပေါ်တက်ဖို့ ခါးခါးသီးသီး ငြင်းဆန်တော့တယ်။ နားရွက်လေးတွေ မပါတာဟာ အညွန့်တလူလူနဲ့ သားလေးရဲ့ဘ၀ကို ရိုက်ချိုးချဖို့ထိ ဖန်တီးခဲ့ပြီလား။ သူမ အမြဲ စိုးရိမ် ကြောင့်ကျခဲ့ရပါတယ်။
ဒီလိုနဲ့ သားလေး တက္ကသိုလ်ဝင်တန်း ဖြေရမဲ့ အရွယ်တောင် ရောက်လာခဲ့ပြီ။ မြို့တော်ကြီးက အကောင်းဆုံး တက္ကသိုလ်တစ်ခုမှာ ပညာတော်သင်ဆုရဖို့အတွက် သားလေး လျာထားခံရပေမဲ့ သားက မတက်ချင်ခဲ့ဘူး။ ဒါဟာ သားလေးစိတ်မှာ အရိုးစွဲနေတဲ့ သိမ်ငယ်မှုကြောင်းမှန်း သူမသိတယ်။ အဲ့ဒီ သိမ်ငယ်မှုကို ဖယ်ရှားပေးနိုင်အောင် သူမ ဘယ်လိုကြိုးစားကြိုးစား မအောင်မြင်ခဲ့ဘူး။ နောက်ဆုံး သူမတို့ လင်မယားနှစ်ယောက် သားလေး ဘ၀ရှေ့ရေးအတွက် ဆွေးနွေးတိုင်ပင်ပြီး သားလေးကို နားရွက်တစ်စုံ တပ်ပေးဖို့ ဆုံးဖြတ်ချက် ချလိုက် ကြတယ်။



မေမေ့ကို ကျွန်တော် ငယ်ငယ်က နားမလည်ခဲ့ဘူး။ နားရွက်လေးနှစ်ဘက် ပါမလာအောင် မွေးပေးခဲ့တဲ့အတွက်လဲ မုန်းချင်ချင်ရယ်။ ကျောင်းမသွားချင်ရင်လဲ ဘယ်တော့မှ မရ၊ စကြနောက်ကြ နှိမ်ကြလွန်းလို့ အပေါင်းအသင်း မထားချင်ပါဘူး ဆိုရင်လဲ မရ။ ကျောင်းကို ဇွတ်သွားခိုင်းတတ်သလို ကျောင်းက အတန်းဖော် တွေကိုတောင် အိမ်ခေါ် ချက်ပြုတ်ကျွေးမွေးပြီး ကျွန်တော်နဲ့ ကစားခိုင်းလိုက်သေးတယ်။ ကျွန်တော်ကတော့ ကလေးဘ၀ကို ဆော့ကစားပြီး မဖြတ်သန်းချင်ဘူး။ သူတို့တွေက ကျွန်တော့်ကို လှောင်ကြတယ်။ ဒီတော့ ကျွန်တော့်ကို ဘာမှ မလှောင်တဲ့ စာအုပ်တွေနဲ့ပဲ ကျွန်တော် နေခဲ့တာ အပြစ်မှ မဟုတ်တာဗျာ။ ကျောင်းကပွဲတွေဆိုလဲ ဇွတ်သွားခိုင်း၊ စင်ပေါ်လဲ ဇွတ်တက်ခိုင်းနဲ့။ သူတို့တွေက အိမ်က ဖေဖေနဲ့ မေမေလို ကျွန်တော့်ကို အားပေးကြဖို့ထက် လှောင်ပြောင်ကြဖို့ပဲ သိတာ မေမေ နားလည်မပေးခဲ့ဘူး။ ကျွန်တော့်မှာ နားရွက်လေး နှစ်ဘက် မပါတဲ့အတွက် လူကြားထဲ ဘယ်လောက် သိမ်ငယ်ရှက်ရွံ့ခဲရလဲ မေမေ မသိခဲ့ဘူးလား။ ကျွန်တော် မသွားချင်တဲ့ ဆုပေးပွဲတွေ မေမေက ခေါ်ရင် မေ့မေ့ကို သိပ် စိတ်ဆိုးတာပဲ။ စာကြည့်ခန်းထဲမှာပဲ ကျွန်တော် ပျော်တယ်။ လူတွေနဲ့ဝေးရာမှာပဲ ကျွန်တော် နေချင်တယ်။
ကျွန်တော် တက္ကသိုလ် ၀င်တန်း တက်ရတဲ့နှစ်မှာ နားရွက်အစားထိုးတပ်ဖို့ အလှူရှင်တစ်ယောက် ပေါ်လာတယ်။ ဆေးရုံသွားပြီး ခွဲစိပ်ကုသလိုက်တော့ ကျွန်တော့်မှာ လှပတဲ့ နားရွက်လေးတစ်စုံ ရှိလာခဲ့ပြီ။ ကျွန်တော် ပျော်လိုက်တာဗျာ။ ကျွန်တော် ပါဝင်ချင်ခဲ့တဲ့ ကျောင်းက အားကစားပွဲတွေ၊ အကပွဲတွေမှာ ပါဝင်လို့ ရခဲ့ပြီ။ ဆုပေးပွဲတွေ၊ ဟောပြောပွဲတွေမှာလဲ စင်မြင့်ပေါ် ကျွန်တော် ကြွားကြွားဝင့်ဝင့် တက်နိုင်ပြီ။ ကျွန်တော့်ကို လူထူးလူဆန်းလို ကြည့်ကြတဲ့ မျက်လုံးတွေ မရှိတော့သလို ဂြိုလ်သားလို့ လှောင်ပြောင်ကြတဲ့ ပါးစပ်တွေလဲ ပိတ်သွားခဲ့ကြပြီ။
တစ်ခုပဲ ရင်ထဲ မတင်မကျဖြစ်နေခဲ့တာက ကျွန်တော့်အတွက် နားရွက် အလှူရှင် ဘယ်သူဘယ်ဝါမှန်း မသိရတာပဲ။ ဖေဖေနဲ့ မေမေ့ကို မေးတိုင်း သိဖို့အချိန်မတန်သေးလို့ ကတိမဖျက်ပါရစေနဲ့ လို့ပဲ ဖြေကြတယ်။ ဒီလိုနဲ့ ကျွန်တော် တက်ချင်တဲ့ တက္ကသိုလ်ကိုလဲ အဆင့်မြင်အောင်ခဲ့ရုံမက ဘွဲ့လွန်သင်တန်းတောင် ပြီးခဲ့ပြီ။ ဘွဲ့လွန်သင်တန်းလက်မှတ်ကို တက်ယူပြီး စင်ပေါ်ကနေ ကျေးဇူးတင်စကား ပြောတော့ ဖေဖေနဲ့ မေမေ့ မျက်နှာမှာ ဂုဏ်ယူဝမ်းမြောက်မှုတွေ အပြည့်နဲ့။ မေမေများဆို ၀မ်းသာလွန်းလို့ မျက်ရည်တွေတောင် ကျလို့ပေါ့။ အဲဒီနေ့မှာပဲ ကျွန်တော် မေမေ့ နဖူးကို မြတ်မြတ်နိုးနိုး နမ်းမိတယ်။ အမေတူသား လို့ ပြောခံရတဲ့ ကျွန်တော်ဟာ မေမေ့လို ချောမွေ့ ကျက်သရေ ရှိနေမှာပေါ့။ မေမေ့နဖူးကို နမ်းဖို့မေမေ့ခေါင်းကို အုပ်မိုးကိုင်မိချိန်မှာ ကျွန်တော့် ကမ္ဘာတစ်ခုလုံး အိုးထိန်းစက်လို ချာချာလည်သွားခဲ့တယ်။ မေမေ့မှာ နားရွက်လေးတွေ မရှိတော့ဘူး။ မေမေ့ ဆံနွယ်စတွေကို ကပျာကယာ ကျွန်တော် ဖယ်ကြည့်တော့ တကယ်ပဲ...။ မေမေရယ်။ မေမေ့ဆံပင်တွေကို ကျွန်တော် ငယ်ငယ်ကလို မစုသိမ်း မထုံးဖွဲ့တော့တာ ဘာကြောင့်လဲ ကျွန်တော် သိသွားပါပြီ။ ကျွန်တော် သိချင်၊တွေ့ချင်လွန်းလှတဲ့ နားရွက်ပိုင်ရှင်ဟာ မေမေကိုယ်တိုင်ပဲ ဖြစ်နေခဲ့တယ်။ မေမေ့မှာ နားရွက်လေးတွေ မရှိတာတောင် လုံးဝမသိရသလို မေမေ့အလှကလဲ မပျက်ခဲ့ပါဘူး။ ကျွန်တော့်လို လူတောမတိုးလဲ မဖြစ်ခဲ့ပါဘူး။ ကျွန်တော့်ဘ၀ကသာ မေမေ့ နားရွက်လေး တစ်စုံကြောင့် အများကြီး ပြောင်းလဲခဲ့ရတာပါ။ မေမေ့ကို တင်းတင်းဖက်ရင်း ကျွန်တော် ငိုကြွေးမိတယ်။
မေမေ နားရွက်တွေ မရှိတော့ သားဖေဖေတောင် မေမေ့အတွက် နားကပ် ၀ယ်ဆင်ပေးရတာ သက်သာသေးတယ်” အဲဒီလိုတောင် မေမေက ရယ်ရယ်မောမော ကျွန်တော့်ကို နှစ်သိမ့် ပြောနိုင်ခဲ့ပါသေးရဲ့။
ကျောင်းစာတွေနဲ့ အတန်းထဲမှာ နံပါတ်တစ်ဖြစ်ဖို့လောက်သာ ၊ ထူးချွန်အောင်မြင်မှုတွေနောက် လိုက်ဖို့သာ အာသာပျင်းပြခဲ့တဲ့ ကျွန်တော့်ရင်ထဲကို မေမေ့ရဲ့ တုနှိုင်းမမှီတဲ့ မိဘ မေတ္တာတရားက အရှိန်အဟုန်ပြင်းပြင်း တိုးဝင်ခဲ့တယ်။
အဲ့ဒီအချိန်က စလို့ပေါ့ ကျွန်တော်ဟာ အောင်မြင်မှုဘ၀တစ်ခုကို ရဖို့ မမေ့လျှော့ခဲ့သလို မေမေ့ကို အရိပ်တကြည့်ကြည့် စောင့်ရှောက်ဖို့လဲ ဘယ်တော့မှ မပျက်ကွက်တော့ပါဘူး။ မေမေ့ရဲ့ ကျေးဇူးတရားတွေကို ပြန်ဆပ်မကုန်နိုင်ပေမဲ့ အချိန်မှီ ဆပ်ခွင့်ပေးခဲ့တဲ့ ဘုရား(သခင်ကိုလဲ)ရှင်ကိုလဲ ကျေးဇူးတင်ပါတယ်။ တကယ်ပါ။(စနေသားမှကူယူသည်)

အမြင်အသစ်ပါနော်

လူ့ဘ၀ကတိုတိုလေး
ဘာမှမဟုတ်တဲ့ ခဏတဖြုတ်လေးအတွင်းမှာ ပျော်စရာကောင်းအောင် ဘာလို့
မနေခြင်ကြတာလဲ
ပျော်စရာကောင်းအောင် ဘာလို့မနေတတ်ကြတာလဲ
ငါ့ကိုယ်ငါ့လည်း သဘောမပေါက်ဘူး.....။ လူတွေကိုလည်း သဘောမပေါက်ဘူး.....။
သူပျော်လား.... မင်းပျော်လား...... ငါပျော်တယ်ထင်လား.....
တစ်လှေတည်းစီ တစ်ခရီးထဲ အတူတူသွားတယ်တော့ ပြောကြတာဘဲ
မပျင်းအောင် ဘ၀ချင်းလောင်းကြေးထပ် ကစားနေကြတာကလွဲရင် ထိုင်ခုံချင်းကပ်
မိတ်ဆွေမဖွဲ့ ဖြစ်ခဲ့ဘူး....။
အခန်းချင်းကပ် အိမ်နီးချင်း မဖြစ်ခဲ့ဘူး....။
တစ်မိသားစုတည်း သွေးသားအရင်းတွေတောင်မှ အမွေကိစ္စနဲ့ သံယောဇဉ်တွေ
ပြတ်လိုပြတ်
ဝင်ငွေအနည်းအများအလိုက် အကြီးအငယ် သတ်မှတ်လိုသတ်မှတ်
အကျိုးအကြောင်းဆီလျော်လွန်းတဲ့ အတ္တတွေနဲ့
ငါ.... မမှားဘူးဆိုတဲ့မာနတွေနဲ့
ကိုယ်ဘာသာကန့်သတ်ထားတဲ့ ကိုယ့်ဘ၀ ကိုယ်အမြင်တွေနဲ့
သူလည်း သူထင်ရာသူဆိုင်းရင်း...........
.. သူ့သမိုင်း
သူရေးနေတာလို့ပြောတာဘဲ
ကိုယ်လည်း ကိုယ်လှေကိုယ်ထိုးရင် ဇါတ်ဆရာအလိုကျကနေရတဲ့ဘ၀လို့ ပြောမိတာဘဲ
လုပ်သလိုဖြစ်ပြီး ပြောသမျှတင့်တယ်တော့လည်း
ဘ၀ဆိုတာ စီမံကိန်းရေးဆွဲပြီး မဖြစ်မနေဇွဲနဲ့ တည်ဆောက်ရတဲ့
အဆောက်အဦးကြီးပေါ့
လုပ်သလိုမဖြစ်လို့ ဖြစ်သလို လုပ်ခဲ့ပါတယ်...။
ရေဘူးပေါက်ပေမဲ့ ရေပါအောင်ခပ်ခဲ့ပါတယ်ဆိုတော့လည်း လေးစားသင့်တာဘဲ....။
ဖြစ်ခြင်ပေမဲ့လည်း ဖြစ်သင့်မှ ဖြစ်တာ...
ဖြစ်သင့်ပေမဲ့လည်း ဖြစ်ခြင်မှဖြစ်တာ၊
လူဆိုတာ သစ်ပင်လိုဘဲ ပုံသွင်းလို့မရတဲ့အရာ
ဘယ်သူကိုမှ နားဝင်အောင် မပြောပြတတ်ခဲ့ပါဘူး......။
ဘယ်သူကို့မှလည်း သဘောပေါက်အောင် ရှင်းမပြတတ်တော့ပါဘူး....။
အားလုံးလက်ခံလာအောင် အငြင်းမပွားခြင်တော့ပါဘူး.....။
သူ့ တရားနဲ့ သူမှန်နေတဲ့အရာတွေက အများကြီးဘဲမဟုတ်လား။
တခါတလေ အများလို အနည်းစားခြေ
အခါပေါင်းများစွာ ကိုယ်ကြောင့် ဘယ်သူမှ စိတ်မညစ်စေခြင်ပါ.....။
ပျော်အောင်နေကြည့်လိုက်တိုင်း ......
ငါကြောင့် မျက်ရည်ကျသူတွေ ရှိလာတတ်လို့
သူတို့စိတ်ချမ်းသာအောင်
ငါပဲ တိတ်တိတ်ကလေး မျက်ရည်ကျပစ်လိုက်ရတယ်....။
နေ့နဲ့ည အမှောင်နဲ့အလင်းလိုပဲ
တစ်ယောက်အောင်ပွဲခံဖို့ တစ်ယောက်ကတော့ အရှုံးပေးရမှာဘဲလေ....။

ဒီ forward မေးလ်လေးကို တောင်ကြီးမိသားစုမှာ ဖတ်လိုက်ရတာပါ... ကျနော် စိတ်ဓါတ်ကျနေတဲ့အချိန် မပျော်ရွှင်တာမျိုးတွေဆိုရင် ၂ ခေါက်လောက် ဖတ်ဖြစ်ပါတယ်... စာပိုဒ်လေးက သိပ်မရှည်ပေမယ့် စာရဲ့  တန်ဖိုးကတော့ အတိုင်းမသိပါဗျာ... စာရေးတဲ့သူကိုတော့ မသိလိုက်ရလို့  ကျနော်မထည့်ထားလိုက်ဘူးဗျ... အားလုံးဘဲ ပျော်ရွှင်ပါစေဗျာ...

အောင်မြင်မှုတွေ ထွေးပိုက်လို့  ကမ္ဘာအလယ်တစ်နေရာမှာ ဆုံကြစို့ လား....

Tuesday, March 2, 2010

မေမေရယ်

ရှေးရှေးတုန်းကတော့
နယ်ချဲ့ တွေက ကျွန်ပြုဖို့ ကျွန်တော်တို့ ဆီကိုလာတယ်။
ဒီဘက်ခေတ်မှာတော့
ကျွန်ခံဖို့ ကျွန်တော်တို့ ကိုယ်တိုင် ခရီးထွက်ရတယ်။
လူဖြစ်ပေမယ့် ရွေးချယ်ခွင့်က မရှိခဲ့ဘူး အမေရယ်။

ကျွန်တော့် အဖြစ်က
အိပ်မက်ထဲက ကမ္ဘာကို
ကျွန်ရွာမှာမှ သွားရှာမိတဲ့ အဖြစ်။

သေရင် မြေကြီးဆိုတာကတော့ မှန်ပါတယ်။
ရှင်ရင်တော့ မစို့ မပို့ ငွေလေးက ကျွန်တော်တို့ အတွက်ရွှေထီးပေါ့။

တရွာပြောင်းပေမယ့် သူကောင်းတော့ မဖြစ်ခဲ့ပါဘူး။
ကျွန်ပဲဖြစ်ခဲ့တယ်။
ကြောက်ရင်လွဲ ရဲရင်မင်းဖြစ်သတဲ့။
ကျွန်တော်… အမေနဲ့ ညီမလေးတွေအတွက် ရဲခဲ့ပါတယ်။
ကျွန်ပဲ ဖြစ်နေသေးတယ် အမေ။
ကျွန်တော့်ရဲ့  ရဲရင့်မှုတွေကပဲ နေရာလွဲခဲ့လို့ လား။

ကိုယ့်အခွင့်အရေးကို သိဖို့ နေနေသာသာ
တစ်ချို့ သူငယ်ချင်းတွေဆို ကိုယ့် အသက်ဘယ်လောက်ရှိမှန်းတောင် မသိရှာဘူး။
တချို့ ကလေးတွေဆို မြန်မာ နာမည်တောင် မရှိရှာဘူး။
ဘော(့စ်) ဆိုသူတွေ ပေးတဲ့နာမည်တွေ ပဲ ရှိကြတယ်။

အမေပြောတော့ အလုပ်လုပ်ရင် ကြီးပွါးမယ်ဆို။
အလုပ်လုပ်လေ ပိုခိုင်းလေလေပဲ အမေ။
ကျွန်ဖြစ်လေလေပဲ အမေရဲ့ ။
လူအချင်းချင်းဆိုတဲ့ အသိ
သူတို့ မှာ မရှိဘူး အမေ။
သွေးစုပ်ဖို့ ပဲ သူတို့ သိတယ်။

အမေရယ်
ကျွန်တော်လည်း အစကတော့
ချစ်သူရဲ့ မျက်နှာသုတ်ပုဝါလောက် ဖြစ်ဖို့ မှန်းပြီးထွက်ခဲ့တာပေါ့။
အခု ဖြစ်လာတာက အားလုံးရဲ့ ခြေသုတ်ပုဆိုး
မရှိသေးတဲ့ အစွယ်တောင် ကျိုးခဲ့ပြီ်။

ခုတော့
ကျွန်တော့် အသည်းနှလုံးကလည်း
ကျွန်အချင်းချင်တောင်
ပြန်မစုပ်ချင်တဲ့ သရက်စေ့ တစ်စေ့ပေါ့။

ကိုယ့်ကိုယ်ကို ကျွန်လို့ သုံးလို့ 
မငိုလိုက်ပါနဲ့ အမေရယ်။
သူတို့ ဒေါသလေးတစ်ချက်ထွက်ရုံနဲ့ 
ရာဘာခင်းထဲ ရက်ရက်စက်စက် အသတ်ခံရနိုင်တာဆိုတော့
ကျွန်တော်တို့ အသက်တစ်ချောင်းက
ရာဘာပင် တစ်ပင်လောက်တောင်တန်ဖိုးမရှိဘူးအမေ။
သူတို့ အချစ်တော် ကြောင်တစ်ကောင်လောက်တောင် တန်ဖိုး မရှိဘူး။
ဒါကို ကိုယ့်ကိုယ်ကို သခင်လို့ 
မျက်လုံးစုံမှိတ်ပြီး ကြွေးကျော်နေရမှာလား။
အနာရှိတာကို လက်ခံမှ ဆေးထည့်လို့ ရမှာပေါ့ အမေ။

လူတွေ ပြောတော့
မြန်မာ အချင်းချင်း ရိုင်းပင်းတယ်ဆို။
ကောင်းတဲ့သူတွေ လည်း အများကြီး ရှိပါတယ်။
တချို့ ကတော့ တော်တော့်ကိုဆိုးတယ်။
ကျွန်တော်တို့ ရွှေလို့ခြုံငုံခေါ်နေတဲ့အထဲက တစ်ချို့ ကပဲ
အချင်းချင်း ရောင်းစားနေကြတာ အမေ။
တိုင်းပြည်မီးလောင်လို့ 
အချင်းချင်းချနင်းရက်တာလား။
ဘာပဲဖြစ်ဖြစ် သူတို့ လူစိတ်မရှိတာ ကတော့
သေချာပါတယ်။
ရွှေဆိုတဲ့ စကားလုံးက
အကုန်လုံးနဲ့ တော့မတန်ဘူး အမေ။
သူတို့ ကို ရွှေစာရင်းထဲက ကျွန်တော်ထုတ်တယ်။

ဟိုတလောက စာအုပ်ထဲမှာ ဖတ်လိုက်ရတယ်အမေ။
လင်ကွန်းဆိုတဲ့ သူက ကျွန်စနစ် ပပျောက်အောင်လုပ်ပေးခဲ့သတဲ့။
ဘယ်မှာ ဟုတ်လို့ လဲ အမေရယ်။
သားတို့ ကိုလာကြည့်စမ်းပါ။
သူလုပ်နိုင်ခဲ့တာ သူ့ နိုင်ငံကွက်ကွက်လေးပဲ
သူ့ ကိုလေးစားပေမယ့်
ကျွန်တော်တို့ အတွက်တော့ သူက
သမိုင်းတင်လောက်အောင် မစွမ်းသေးပါဘူးအမေရယ်။

လူ့ အဖြစ်က ရခဲတယ်ဆို။
ရခဲ တာပဲ ကောင်းပါတယ် အမေ။
ကျွန်တော် လူမဖြစ်ချင်တော့ဘူး။
ကျွန်တော် ငှက်တွေကို ငေးကြည့်မိတယ် အမေ။
ငှက်အချင်းချင်း အမျိုးအနွယ်မတူလို့ ရက်စက်ကြတာမရှိဘူးအမေ။
ငှက်တွေမှာ ပြည်တွင်းစစ်မရှိဘူး။
ငှက်တွေမှာ ဘာသာရေး အဓိကရုဏ်းတွေ မရှိဘူး။
ငှက်တွေမှာ ကိုယ့်အသိုက်အမြုံကို ဗိုလ်ကျပြီး အတင်းရွှေ့ ခိုင်းတာမျိုး မရှိဘူး။
ငှက်တွေ ကံဆိုးမိုးမှောင်ကျပြီး လှောင်အိမ်ထဲမှာ နေရရင်တောင်
သူတို့ သခင်က သူတို့ ကို အချစ်နဲ့ လှောင်ထားတာ။
ကျွန်တော်တို့ ကတော့ အမုန်းနဲ့ လှောင်ထားခြင်းခံရတယ်။
မေတ္တာ အရမ်းငတ်တယ် အမေရယ်။

ကမ္ဘာ့ ခေါင်းဆောင်တွေကလည်း
ကျွန်တော်တို့ ငိုသံတွေ ဘယ်လောက်ကျယ်ကျယ်
အမျိုးသား အကျိုးစီးပွါးဆိုတဲ့ စကားလုံးအောက်မှာ
နားမကြားကြဘူး ထင်ပါရဲ့ ။

လူ့ အခွင့်အရေးဆိုတဲ့ ပန်းဟာ
ဖိနှိပ်သူတွေရဲ့ နှုတ်ခမ်းမှာ မပွင့်ဘူး အမေ။
ကျွန်စနစ်ဟာ
စာရွက်ပေါ်မှာတောင်မှ
မပပျောက်သေးပါဘူး အမေရယ်။