Monday, March 29, 2010

once in a while

လောကကြီးက အရမ်း ဆူညံလွန်းတယ်
ကျွန်တော့ အသံကခပ်တိုးတိုးနဲ့ ပြောချင်တာတွေအားလုံး
ဘယ်သူမှ မကြားကျဘူး ၊
လောကကြီးနဲ့  အပြိုင် ကျွန်တော်လဲ လိုက် မအော်နိုင်ဘူး
ကျေးဇူးပြုပြီး တိုးတိုးလေး ခဏ နားစဉ် ကြည့်ပါ
တခါတလေတော့ ဗျာ လောကကြီးက အထီးကျန်ဆန်လွန်းတယ် ။

အိမ်ခေါင်မိုးပေါ်တက်ကြည့် ကြည့်တယ်
ကျွန်တော် ကအမြင့်ကို သိပ်ကြောက်တယ်
ခုန်ချဖို့  မပြောနဲ့  ပြုတ်ကျမှာကိုတောင် ကြောက်တယ်
ကြယ်တွေက ကျွန်တော့ကို လှောင်ပြောင်ကြတယ်
လမင်းကြီးက ကျွန်တော့်ကို ပြုံးပြတယ်
ကြယ်တွေအတွက် သီချင်းတစ်ပုဒ် ဟစ်ဆိုပြလိုက်ပြီး
အားရပါးရ လမင်း ကြီးကို ပြန်ပြုံးပြလိုက်တယ်
တခါတလေတော့ ဗျာ ကောင်းကင်ကြီးက အထီးကျန် ဆန်လွန်းတယ် ။

အမြဲတမ်းစီးဆင်းနေတဲ့ မြစ်တစ်ခုကို သွားကြည့်ကြည့်တယ်
ကျွန်တော် ရေနစ်မှာ အရမ်းကြောက်တယ်
လှိုင်းတွေက တဝေါဝေါနဲ့ ရေတွေက နိမ့်လိုက် မြင့်လိုက်
ဘ၀ကတော့ ဒီလိုပဲ အဲဒီမြစ်ကြီးကိုပဲ တချိန်လုံး ဖြတ်နေရတယ်
အသက်ကယ် ဘောတစ်ခု ကျွန်တော် ၀ယ်ပြီး ဆောင်ထားတယ်
တခါတလေတော့ ဗျာ ဒီမြစ်ကြီးက အထီးကျန် ဆန်လွန်းတယ် ။

ကြိုးကြိုးစားစား ကျွန်တော် တွက်ချက် လေ့လာပါတယ် ၊
သတိထားပြီးတော့ အမြဲတမ်း အရောင်းအ၀ယ် လုပ်ပါတယ်
ဒါပေမဲ့ မသိကိန်းတွေက အရမ်းများလွန်းနေတယ်
ဘယ်လိုရောင်းရောင်း ဘယ်လိုဝယ်ဝယ် ကျွန်တော်ရှုံးပါတယ်
တခါတလေတော့ ဗျာ ဒီလိုဈေးသည်ဘ၀ကြီး အထီးကျန် ဆန်လွန်းတယ် ။

ဆရာတော်ဘုရားက ဟောထားတယ်တဲ့
နေတတ်ရင် ကျေနပ်စရာပါဆို သလားဘဲ ကျွန်တော်ကြားဖူးခဲ့တယ်
ကျွန်တော် နေလဲ နေတတ်ပါတယ် ကျေလဲ ကျေနပ်ပါတယ် ၊
ဒါပေမဲ့ဗျာ
တခါတလေတော့လေ ကျွန်တော့ဘ၀ကြီး အထီးကျန် ဆန်လွန်းတယ် ။ ။

0 comments:

Post a Comment