Showing posts with label လေ.လားစရာ. Show all posts
Showing posts with label လေ.လားစရာ. Show all posts

Monday, March 22, 2010

ယမမင်းနှင့်တွေလိုလျှင်

ယမမင်းနှင့် တွေ့လျှင်*
စတုမဟာရာဇ် နတ်တို့တွင် အပါအ၀င် ဖြစ်သော ဝေမာနိက ပြိတ္တာမင်းကိုပင် ယမမင်းဟု ခေါ်၏။ တစ်ခါတရံ နတ်စည်းစိမ်ကို ခံစား၍ တစ်ခါတရံမှာမူ မကောင်းမှုကံ အကျိုးကို (ရိုးရိုး ပြိတ္တာများ ကဲ့သို့) ခံစားရ ရှာသေး၏။ ထို ယမမင်းကား တစ်ယောက်သာ မက အများပင် ရှိလေသည်။ လူ့ဘုံ၌ အစိုးရများ ရုံးထိုင်သလို ယမမင်းများလည်း ငရဲဘုံ၏ တံခါး လေးဖက်၌ ရုံးစိုက်ကြ ပြီးလျှင် ငရဲ ရောက်လာသူ များကို စစ်ဆေး မေးမြန်းကြသည်။

သို့သော် ငရဲသို့ ရောက်လာသူတိုင်း အစစ်ဆေး ခံရသည် မဟုတ်။ အကုသိုလ် ကြီး၍ ထင်ရှားသူတို့မှာ တစ်ခါတည်း ငရဲသို့ ကျရလေသည်။ အကုသိုလ် နည်းပါးသူများ အတွက် လွတ်လို လွတ်ငြား အနေအားဖြင့် ယမမင်းထံ အစစ်ဆေးခံခွင့် ရလေသည်။ ထို့ကြောင့် ယမမင်း၏ စစ်ဆေးမှုမှာ အပြစ်ရှာလို၍ မဟုတ်။ လွတ်သင့်က လွတ်ခွင့် ရစေလိုသောကြောင့် ဖြစ်သည်။ ယခုအခါ အယူခံ ရုံးမင်းများနှင့် အလားတူ ပင်တည်း။ သို့အတွက် ယမမင်း ဟူသည်မှာ တရားစောင့်သော မင်းကောင်း မင်းမြတ်ပင်တည်းဟု မှတ်ပါ။ (ဥပရိ ပဏ္ဏာသ၊ ဒေ၀ဒူတသုတ်)

ငရဲထိန်းများလည်း စတုမဟာရာဇ် နတ်မျိုး အပါအ၀င် နတ်ဘီလူး နတ်ရက္ခိုသ် များတည်း။ ထို ငရဲထိန်းများ၏ အလုပ်ကား အနည်းငယ်သော အကုသိုလ်ဖြင့် ကျရောက် လာသူများကို ယမမင်းထံ ပို့ခြင်း၊ ငရဲသို့ ရောက်ပြီးသူများကို လက်မရွံ့ အာဏာသားများ ကဲ့သို့ ရက်စက် ကြမ်းကြုတ်စွာ သတ်ပုတ် ရိုက်နှက်ခြင်း ပင်တည်း။ (ငရဲမီး စသော အန္တရာယ်တို့သည် ကံကြောင့် ဖြစ်ရသော ကမ္မပစ္စယ ဥတုဇရုပ်များ ဖြစ်ရကား ငရဲခံမည့် သူ၌သာ ပူလောင်၍ ထိုငရဲထိန်းတို့မှာ မပူလောင်ချေ။)

အများ ကြားဖူးနားဝ ရှိအောင် ဒေ၀ဒူတ သုတ္တန် ပါဠိတော်လာ ယမမင်း စစ်တမ်းကို အကျဉ်းချုပ် ပြဦးအံ့။ လူ့ပြည်မှာ ရှိသော ကလေး၊ သူအို၊ သူနာ၊ သူသေ၊ အကျဉ်းသမား ငါးဦးသားကို ယမမင်း စေလွှတ်အပ်သော တမန်တော် မဟုတ်သော်လည်း အလားတူ ဖြစ်သောကြောင့် ဒေ၀ဒူတ ဟုခေါ်သည်။ ယမမင်းသည် မိမိထံမှောက်သို့ ရောက်လာသော ငရဲသားများအား ဒေ၀ဒူတ ငါးမျိုးကို ဖော်ပြလျက် စစ်ဆေးလေ့ ရှိသည်။

ယမမင်း။ ။မောင်မင်း.. လူ့ပြည်မှာတုန်းက မိမိ၏ ကျင်ကြီး ကျင်ငယ်ကို မသုတ်သင် နိုင်ဘဲ ကျင်ကြီး ကျင်ငယ်ထဲ၌ လူးကာ လှိမ့်ကာ နေရရှာသော ကလေးငယ်များကို မတွေ့ခဲ့ဘူးလား။

ငရဲသား။ ။တွေ့ခဲ့ပါသည်။

ယမမင်း။ ။မိမိကိုယ်တိုင် နားလည်သော အရွယ်သို့ ရောက်သောအခါ ထို ကလေးများကို ကြည့်ရှု၍ “ငါသည် ဘာမျှ နားမလည်ရှာ သေးသော ယခုလို ကလေးသူငယ် ဖြစ်ဖို့ရာ နောင်ခါ ပဋိသန္ဓေ နေရဦးမည်။ ပဋိသန္ဓေ နေခြင်း သဘောကို မလွန်ဆန်နိုင် သေးအံ့တကား။ ယခုနှယ်က ကိုယ် နှုတ် စိတ်များကို စောင့်စည်းလျက် ကောင်းကောင်း နေမှသာ တော်တော့မည်” ဟု အကြံအစည်များ မဖြစ်ခဲ့ဘူးလား မောင်မင်း။ (အလွန် ကြင်နာစွာ မေးသည်။)

ငရဲသား။ ။ကျွန်တော် မေ့လျော့နေသည့် အတွက် ကုသိုလ် ကောင်းမှုဘက်၌ စိတ် မ၀င်စားခဲ့မိပါ။

ယမမင်း။ ။မောင်မင်း.. ကောင်းမှုကို ဆွေမျိုး ဉာတကာ ဆရာမိဘ စသူတို့က ပြုပေးသည် မဟုတ်။ မောင်မင်းကိုယ်တိုင် ပြုခဲ့သည် ဖြစ်၍ မိမိ အပြစ်ဒဏ်ကို မေ့လျော့သူတို့ ထုံးစံအတိုင်း မောင်မင်း ခံရချေတော့မည်။

ဤနည်းအတိုင်း သူအိုကို ညွှန်ပြ၍ ဒုတိယအကြိမ် မေး၏။ သူနာကို ညွှန်ပြ၍ တတိယအကြိမ် မေး၏။ သူသေကို ညွှန်ပြ၍ စတုတ္ထအကြိမ် မေး၏။ အကျဉ်းသမားကို ညွှန်ပြ၍ ပဉ္စမအကြိမ် မေး၏။ ၅ ကြိမ် တိုင်တိုင် မေး၍ ကုသိုလ် ကောင်းမှုကို သတိ မရသေးလျှင် ယမမင်းကိုယ်တိုင် “လူ့ဘ၀၀ယ် ထိုသူ ကုသိုလ်ပြုသော အခါ မိမိအား အမျှ ဝေဖူးသလား” ဟု စဉ်းစား၏။ (ဤ အချက်ကို ထောက်၍ ကုသိုလ် ပြုသောအခါ ယမမင်းအား အမျှ ပေးဝေကြသည်။) စဉ်းစား၍ ရလျှင် ထိုကုသိုလ်ကို ဖော်ပြော၏။ ယမမင်းက ပြောခြင်းကြောင့် ဖြစ်စေ၊ မိမိဘာသာ သတိရ၍ ဖြစ်စေ ကုသိုလ်ကို သတိရသည်နှင့် တစ်ပြိုင်နက် ငရဲမှ လွတ်မြောက်၍ နတ်ပြည် ရောက်သူလည်း အများပင် ရှိ၏။ ထိုနေရာမျိုး ကျမှ မိမိ၏ ကုသိုလ်များ အားထားရကြောင်း ထင်ရှားပေသည်။ ယမမင်းကိုယ်တိုင် စဉ်းစား၍ မရသော အခါ ဆိတ်ဆိတ် နေရတော့၏။ ထိုအခါ ငရဲကောင် သတ္တ၀ါကို ငရဲထိန်းတို့ ယူဆောင်လျက် အမျိုးမျိုး နှိပ်စက်ကြ လေတော့သည်။

အရှင်ဇနကာ ဘိဝံသ ရေးသားတော်မူသော ကိုယ်ကျင့် အဘိဓမ္မာမှ…

Wednesday, February 3, 2010

အန္တရာယ်ကငိးတယ်ဆိုပဲး

ကဲ အောက်မှာ လင့်လေး တစ်ခု ပေးထားတယ် ဖွင့်ကြည့်ဦးပေါ့နော်... ဘုန်းကြီးဆိုရင်တော့ ဘုန်းကြီးကျောင်းပေါ့။ လူဆိုရင်တော့ အိမ်ပေါ့။ မနက်ဖြန် ဆို နှစ်သစ်ကူးပီ။ ဒီလိုနှစ်သစ်မှာ စိတ်ငြိမ်အေးချမ်းတဲ့ နေရာလေးမှာ ကာယဝိဝေက စိတ္တဝိဝေက ဖြစ်ပီတော့ မနေချင်ဘူးလား။ တိုးတက်ကြီးပွားမှုတွေ မဖြစ်ချင်ဘူးလား။ သွားလည်လိုက်ပါဦး။ နော်....

http://www.kd-pavza.si/datoteke/200412231201341.swf
ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေ........

တကယ်တော့ မင်္ဂလာဆိုတာ သုစရိုက်တရားတွေ ဖြည့်ကျင့်တဲ့ နှစ်ဟာ မင်္ဂလာရှိတဲ့ နှစ်ပေါ့။သုစရိုက်တရားတွေလည်း ဖြည့်ကျင့်မယ် ရတနာသုံးပါးရဲ့ ဂုဏ်ရည်ကြောင့်လည်း တိုးတက်ကြီးပွားကြပါစေ
သကျာနံ = သာကီဝင်မင်းသားတို့၏။နန္ဒိဝုဍ္ဎနော = နှစ်သက်ခြင်းကို တိုးပွားစေတတ်သော ဘုရားမြတ်စွာသည်။ဗောဓိယာ မူလေ = ဗောဓိပင်၏အနီးဖြစ်သော။အပရာဇိတပလ္လင်္ကေ = အပရာဇိတ မည်ရခေါ်တွင် မြတ်သောပလ္လင်ထက်၌။ဇယန္တော ယထာ = မာရ်ငါးပါးကို အောင်မြင်တော်မူဘိသကဲ့သို့။ဧဝမေဝ = ပုံစံနှိုင်းယူ ဤအတူသာလျှင်။တေ = သင့်အား။ဇယော = ကိလေသာတည်းဟူသော ရန်အပေါင်းကို အောင်မြင်ရာ အောင်မြင်ကြောင်း ကောင်းမှုမင်္ဂလာသည်။ဟောတု = မုချမသွေ ဖြစ်ပါစေသတည်း။ဇယမင်္ဂလေ = ကိလေသာတည်းဟူသော ရန်အပေါင်းကို အောင်မြင်ရာ အောင်မြင်ကြောင်း ကောင်းမှုမင်္ဂလာကြောင့်။တွံ = သင်သည်။ဇယဿု = ကိလေသာတည်းဟူသော ရန်အပေါင်းကို ထောင်းထောင်း ကြေညက် ပယ်ဖျက်အောင်မြင်နိုင်ပါစေသတည်း။သဗ္ဗဗုဒ္ဓါနံ = ဂင်္ဂါဝါဠုသဲစုမက ပွင့်ပေါ်တော်မူကြပြီးကုန်သော ခပ်သိမ်းဥဿုံ အလုံးစုံကုန်သော ဘုရားရှင်တို့၏။အဘိသေကေ = ဗုဒ္ဓအဘိသေကမင်္ဂလာ သွန်းလောင်းရာလည်း ဖြစ်တော် မူထသော။ပုထုဝိပုက္ခလေ = မြေအပြင်၌ သန့်ရှင်းစင်ကြယ် အလွန်တင့်တယ်တော် မူထသော။သီသေ = မြေတို့၏ အထွတ်အထိပ် ဖြစ်တော်မူသော။အပရာဇိတပလ္လင်္ကေ = အပရာဇိတ မည်ရခေါ်တွင် မြတ်သောပလ္လင်ထက်၌။အဂ္ဂပတ္တော = မြတ်သော ဘုရားအဖြစ်သို့ ရောက်တော်မူသည်ဖြစ်၍။ဘဂဝါ = မြတ်စွာဘုရားသည်။ပမောဒတိ = နှစ်သက်ကြည်ဖြူ ဝမ်းမြောက်တော်မူရပေ၏။ဧဝမေဝ = ပုံစံနှိုင်းယူ ဤအတူသာလျှင်။တွမ္ပိ = သင်သည်လည်း။အဂ္ဂပတ္တော = မြတ်သော အလိုဆန္ဒသို့ ရောက်ရှိသည်ဖြစ်၍။ပမောဒဿု = နှစ်သက်ရွှင်ပျ ဝမ်းမြောက်ရပါစေသတည်း။

ယသ္မိံ ဒိဝသေ = အကြင် နေ့၌။တယော = သုံးပါးကုန်သော။သုစရိတဓမ္မေ = ကိုယ်ဖြင့် ကောင်းသောအကျင့်ကို ကျင့်ခြင်း ကာယသုစရိုက်တရား, နှုတ်ဖြင့် ကောင်းသောစကားကို ပြောဆိုခြင်း ဝစီသုစရိုက်တရား,စိတ်ဖြင့် ကောင်းသောအကြံကို ကြံစည်ခြင်း မနောသုစရိုက်တရားတည်းဟူသော သုစရိုက်တရား သုံးပါးတို့ကို။ပရိပူရေန္တိ = ဖြည့်ကျင့်ကြကုန်၏။သော ဒိဝသော = ထို သုစရိုက်တရားတို့ကို ဖြည့်ကျင့်ရာဖြစ်သော နေ့အခါသည်။သုနက္ခတ္တံ = နက္ခတ်အပေါင်း မကောင်းမရှိ အကောင်းအတိသာ ဖြစ်ပါပေ၏။သုမင်္ဂလံ = မကောင်းအမင်္ဂလာ ဘယ်ခါမရှိ ကောင်းမြတ်သော မင်္ဂလာအတိသာ ဖြစ်ပါပေ၏။သုပ္ပဘာတံ = အပြစ်ကင်းရှင်း ကောင်းမြတ်သော မိုးသောက်မိုးလင်းရခြင်း ဖြစ်ပါပေ၏။သုဟုဋ္ဌိတံ = သာယာသန့်ရှင်း ကောင်းမြတ်သော အိပ်ရာမှထရခြင်း ဖြစ်ပါပေ၏။သုခဏော = ကြုံလာဆိုက်ရာ ခဏတိုင်းမှာ အကောင်းချည်းသာ ဖြစ်ပါပေ၏။သုမုဟုတ္တော = ကြုံလာဆိုက်ရာ မုဟုတ်တိုင်းမှာ အကောင်းချည်းသာ ဖြစ်ပါပေ၏။တသ္မိံ ဒိဝသေ = ထိုကဲ့သို့သော သုစရိုက်တရားတို့ကို ဖြည့်ကျင့်ရာဖြစ်သော နေ့အခါ၌။ဗြဟ္မစာရိသု = မြတ်သောအကျင့်ကို ကျင့်လေ့ရှိသော ပုဂ္ဂိုလ်တို့၌။ယိဋ္ဌံ = လှူအပ်ပူဇော်အပ်သော အလှူဒါနကောင်းမှုကုသိုလ်မှန်သမျှသည်။သုယိဋ္ဌံ = အပြစ်ကင်း၍ သန့်ရှင်းကောင်းမြတ်သော ပူဇော်ရခြင်း ဖြစ်ပါပေ၏။
တသ္မိံ ဒိဝသေ = ထိုကဲ့သို့သော သုစရိုက်တရားတို့ကို ဖြည့်ကျင့်ရာဖြစ်သော နေ့အခါ၌။ကာယကမ္မံ = ကိုယ်ဖြင့် ပြုသမျှ ကာယကံမှုမှန်သမျှသည်။ပဒက္ခိဏံ = တိုးတက်ကြီးပွားချမ်းသာခြင်း၏အကြောင်း အကောင်းချည်းသာ ဖြစ်ပါပေ၏။
ဝါစာကမ္မံ = နှုတ်ဖြင့် ပြောဆိုသမျှ ဝစီကံမှုမှန်သမျှသည်။ပဒက္ခိဏံ = တိုးတက်ကြီးပွားချမ်းသာခြင်း၏အကြောင်း အကောင်းချည်းသာ ဖြစ်ပါပေ၏။
မနောကမ္မံ = စိတ်ဖြင့် ကြံစည်သမျှ မနောကံမှုမှန်သမျှသည်။ပဒက္ခိဏံ = တိုးတက်ကြီးပွားချမ်းသာခြင်း၏အကြောင်း အကောင်းချည်းသာ ဖြစ်ပါပေ၏။တေ = ထို ကာယကံ ဝစီကံ မနောကံတို့ကို။ပဒက္ခိဏေ = ကောင်းမြတ်သောအမှု၌။ပဏီဓိ = ထားခြင်းမည်ပါပေ၏။ယေ ဇနာ = အကြင် သူတို့သည်။ပဒက္ခိဏာနိ = ကောင်းမြတ်ကုန်သော ကာယကံ ဝစီကံ မနောကံတို့ကို။ကတွာန = ပြုကြလေကုန်သောကြောင့်။ပဒက္ခိဏေ = ကောင်းမြတ်ကုန်သော။အတ္ထေ = အကျိုးတို့ကို။လဘန္တိ = ရရှိကြကုန်၏။တေ ဇနာ = ထိုသူတို့သည်။အတ္ထလဒ္ဓါ = ရအပ်ကုန်သော ကောင်းကျိုးချမ်းသာရှိကြကုန်သည်ဖြစ်၍။ဗုဒ္ဓသာသနေ = ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်အတွင်း၌။ဝိရူဠှာ = မဂ်ဉာဏ်ဖိုလ်ဉာဏ်ရသည့်တိုင်အောင် တိုးတက်စည်ကား ကြီးပွားချမ်းသာခြင်း ရှိကြကုန်သည်ဖြစ်၍။သုခိတာ = ကိုယ်စိတ်နှစ်ဖြာ ငြိမ်းအေးချမ်းသာခြင်းသို့ ရောက်ရှိကြကုန်သည် ဖြစ်၍။သဗ္ဗေဟိ = မိဘက် ဖဘက် အောက်ထက်နှစ်စုံ ခပ်သိမ်းဥဿုံ အလုံးစုံ ကုန်သော။ဉာတိဘိ = ဆွေမျိုးအပေါင်းတို့နှင့်။သဟ = အတူတကွ။အရောဂါ = အနာရောဂါတို့မှ ကင်းဝေးကြကုန်သည်။သုခိတာ = ကိုယ်စိတ်နှစ်ဖြာ ငြိမ်းအေးချမ်းသာခြင်း ရှိကြကုန်သည်။ဟောန္တိ = ဖြစ်ကြကုန်၏။
ဧဝမေဝ = ပုံစံနှိုင်းယူ ဤအတူသာလျှင်။တုမှေပိ = သင်သူတော်ကောင်းတို့သည်လည်း။ပဒက္ခိဏာနိ = ကောင်းမြတ်ကုန်သော ကာယကံ ဝစီကံ မနောကံတို့ကို။ကတွာန = ပြုကြလေကုန်သောကြောင့်။ပဒက္ခိဏေ = ကောင်းမြတ်ကုန်သော။အတ္ထေ = အကျိုးတို့ကို။လဘိတွာန = ရရှိကြကုန်သည်ဖြစ်၍။အတ္ထလဒ္ဓါ = ရအပ်ကုန်သော ကောင်းကျိုးချမ်းသာရှိကြကုန်သည်ဖြစ်၍။ဗုဒ္ဓသာသနေ = ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်အတွင်း၌။ဝိရူဠှာ = မဂ်ဉာဏ်ဖိုလ်ဉာဏ် နိဗ္ဗာန်ရသည့်တိုင်အောင် တိုးတက်စည်ကား ကြီးပွားချမ်းသာခြင်း ရှိကြကုန်သည်ဖြစ်၍။သုခိတာ = ကိုယ်စိတ်နှစ်ဖြာ ငြိမ်းအေးချမ်းသာခြင်းသို့ ရောက်ရှိကြကုန်သည် ဖြစ်၍။သဗ္ဗေဟိ = မိဘက် ဖဘက် အောက်ထက်နှစ်စုံ ခပ်သိမ်းဥဿုံ အလုံးစုံ ကုန်သော။ဉာတိဘိ = ဆွေမျိုးအပေါင်းတို့နှင့်။သဟ = အတူတကွ။အရောဂါ = အနာရောဂါတို့မှ ကင်းဝေးကြကုန်သည်။သုခိတာ = ကိုယ်စိတ်နှစ်ဖြာ ငြိမ်းအေးချမ်းသာခြင်း ရှိကြကုန်သည်။ဟောထ = ဖြစ်ကြပါစေကုန်သတည်း။
သဗ္ဗမင်္ဂလံ = ကိုယ်စိတ်ချမ်းသာခြင်း၏ အကြောင်း ကောင်းမြတ်သော ခပ်သိမ်းဥဿုံ အလုံးစုံကုန်သော မင်္ဂလာအပေါင်းသည်။ဘဝတု = ဖြစ်ပါစေသတည်း။သဗ္ဗဒေဝတာ = ခပ်သိမ်းကုန်သော နတ်မြတ်နတ်ကောင်း နတ်အပေါင်း တို့သည်။ရက္ခန္တု = အမြဲမပြတ် စောင့်ရှောက်ကြပါစေကုန်သတည်း။
သဗ္ဗဗုဒ္ဓါနုဘာဝေန = ဂင်္ဂါဝါဠုသဲစုမက ပွင့်ပေါ်တော်မူကြပြီးကုန်သော ခပ်သိမ်းဥဿုံ အလုံးစုံကုန်သော ဘုရားရှင်တို့၏ ဂုဏ်ကို အာရုံပြု၍ ကြည်ညိုရသော ကုသိုလ်ကံစေတနာ၏ တန်ခိုးတေဇော် အာနုဘော်ကြောင့်။
သဗ္ဗဓမ္မာနုဘာဝေန = မဂ်ဖိုလ်နိဗ္ဗာန် ဓမ္မက္ခန်ဟု ခေါ်ဆိုအပ်သော ခပ်သိမ်းဥဿုံ အလုံးစုံကုန်သော တရားတော်မြတ်တို့၏ တန်ခိုးတေဇော် အာနုဘော်ကြောင့်။
သဗ္ဗဓမ္မာနုဘာဝေန = မဂ်ဖိုလ်နိဗ္ဗာန် ဓမ္မက္ခန်ဟု ခေါ်ဆိုအပ်သော ခပ်သိမ်း ဥဿုံ အလုံးစုံကုန်သော တရားတော်မြတ်တို့၏ ဂုဏ်ကို အာရုံပြု၍ ကြည်ညိုရသော ကုသိုလ်ကံစေတနာ၏ တန်ခိုးတေဇော် အာနုဘော်ကြောင့်။
သဗ္ဗသံဃာနုဘာဝေန = ခပ်သိမ်းဥဿုံ အလုံးစုံကုန်သော အရိယာသံဃာတော်မြတ်တို့၏ တန်ခိုးတေဇော် အာနုဘော်ကြောင့်။
သဗ္ဗသံဃာနုဘာဝေန = ခပ်သိမ်းဥဿုံ အလုံးစုံကုန်သော အရိယာသံဃာတော်မြတ်တို့၏ ဂုဏ်ကို အာရုံပြု၍ ကြည်ညိုရသော ကုသိုလ်ကံစေတနာ၏ တန်ခိုးတေဇော် အာနုဘော်ကြောင့်။
တေ = သင်သပ္ပုရိသအပေါင်းသူတော်ကောင်းတို့သည်။သဒါ = နေ့ရောညဥ့်ပါ ဘယ်ခါမပြတ် အခါခပ်သိမ်း။သုခီ = ကိုယ်စိတ်နှစ်ဖြာ ငြိမ်းအေးချမ်းသာခြင်း ရှိကြကုန်သည်။ဘဝန္တု = ဖြစ်ကြပါစေကုန်သတည်း။


သာဓု သာဓု သာဓုပါဘုရား