Thursday, September 30, 2010

ဒကာကြီးပြောမှဘဲ ဘာသာကြီး လေးရပ်ထဲက ထွတ်ဖို့သတိရတော့တယ်”

လူတိုင်းဖြတ်သန်းခဲ့ကြတဲ့ ဘဝတစ်လျောက်မှာ အတိတ်ဆိုတာ ရှိကြစမြဲဘဲ မဟုတ်လား။ အဲ့ဒီအတိတ်တွေကို ပြန်စဉ်းစား မိလိုက်ရင် လွမ်းမောစရာ၊ ဝမ်းနည်းပူဆွေးစရာတွေရှိသလို ကြည်နူးဝမ်းသာစရာ၊ ပြုံးပျော်ရွှင်စရာ အမှတ်တရလေးတွေလည်း ကိုယ်စီ ရှိတတ်ကြတယ်လေ။ ကျွန်မဘဝမှာလည်း အတိတ်ကဖြစ်ပျက်ခဲ့၊ အမှတ်ရစရာလေးတွေ အများကြီးထဲကမှ အဖေနဲ့ပတ်သက်ပြီး ပြန်တွေးမိတိုင်း၊ စဉ်းစားမိလိုက်တိုင်းပြုံးမိနေရတဲ့ အဖြစ်အပျက်လေးတွေကို စိတ်ပေါ့ပါး ကြည်နူးစေချင်တဲ့ ဆန္ဒနဲ့ပြောပြချင် ပါတယ်။ ဒီအကြောင်းလေးတွေကို မပြောပြခင် အဖေ့အကြောင်း နည်းနည်းသိအောင် အရင်ပြောပြပါမယ် အဖေက အခုဆို အသက်(၈၀)ကျော် (၉၀)နားနီးနေပါပြီ။ တစ်ရွာလုံးကလည်း အဖေ့ကိုချစ်ကြ။ လေးစားကြတယ်။ အသက်ကလည်းကြီးပြီး ဗဟုသုတတွေလည်း ပြည့်စုံတဲ့အတွက် မသိတာ၊ နားမလည်တာတွေကို လာလာပြီးမေးကြတယ်။ အကြံဥာဏ် တောင်းကြတယ်။ အဖေက စကားနည်းပြီး ပြောလိုက်ရင်လည်းဒုတ်ထိုးအိုးပေါက် ပြောတတ်တဲ့အကျင်၊့ သူမှန်ရင်ဘယ်သူကိုမှ အားမနာ ဂရုမစိုက်ဘဲ ပြောတတ် လုပ်တတ်တဲ့ အကျင့်လေးတွေရှိတယ်။

ဥပမာတစ်ခုပြောရရင်တော့..

ကျွန်မတို့ရွာမှာ
ဝါတွင်းဆိုရင် အဖိတ်၊ဥပုသ်နေ့တိုင်း ဘုန်းကြီးကျောင်းမှာ တရားပွဲတွေရှိတယ်။ တရားဟောတာကတော့ ဘုန်းကြီးနဲ့ဦးဇင်းတွေ အလှည့်ကျဟောကြရတယ်။ အဲ့ဒီဘုန်းကြီးကျောင်းမှာ ဝါတွင်းသုံးလ ဦးဇင်း လာဝတ်တဲ့ ကိုယ်တော် တစ်ပါးလည်း ရှိနေတယ်။ ဘုန်းကြီးက ဒီဦးဇင်းကိုခဏပဲလာ ဝတ်တဲ့ ကိုယ်တော်မို့ တရားဟောရမယ့်စာရင်းထဲမှာ မထည့်ထားဘူး။ အဲဒီကိုယ်တော်ကလည်းတော်တော်လေး တရားဟောချင်ရှာတယ်။ ဘုန်းကြီးကိုလည်း သူတရားဟောချင်လို့ ဟောခွင့်ပြုဖို့ ခွင့်တောင်းတယ်။ ဒါနဲ့ဘုန်းကြီးကလည်း အရှင်ဘုရားကတရားဟောမယ်ဆိုရင် တရားစာတွေကရော ရရဲ့လားလို့ မေးတယ်။ အဲ့ဒီဦးဇင်းကလည်း သူ ညက ဘာသာကြီးလေးရပ် ဆိုတဲ့စာအုပ်ကို သေသေချာချာ ဖတ်ထားကြောင်း၊ အဲ့ဒီ အကြောင်းအရာတွေကို တရားနာတဲ့ပရိတ်သတ်တွေကို ဗဟုသုတရအောင် သူဟောပြမယ်ဆိုပြီး လျှောက်တယ်။ ဘုန်ကြီးက “ဒါဆိုရင်လည်းဒီနေ့ညနေ(၄)နာရီတရားပွဲကိုအရှင်ဘုရားပဲဟောလိုက်တော့” လို့ခွင့်ပေးလိုက်တယ်။

ညနေရောက်တော့ တရားနာတဲ့လူတွေ လာတြတယ်။ တရားပွဲကတော့ အသက်ကြီးတဲ့အဖိုးအို အဖွာအိုတွေ
ပိုပြီးများတယ်။သီလရှင်တွေကတော့ ကျွန်မအပါအဝင်(၇)ပါးလောက်တော့ရှိမယ်(အဲ့ဒီတုန်းက ကျွန်မက သီလရှင် ခဏ ဝတ်ထားပါတယ်)။ ၄နာရီထိုးတော့ဦးဇင်းကြွလာတယ်။ ဘုရားကန်တော့ သီလပေးပြီး တရားစဟောပါတော့တယ်။ စဟောတုန်းကတော့ဟုတ်လို့ပေါ့။ ဒီလိုနဲ့ဟောနေလိုက်တာ ည(၇)နာရီကျော်နေပြီ တရားက မဆုံသေးဘူး။ ဘာသာကြီး လေးရပ်ကနေလည်း ထွက်လို့ မရနိုင်တော့ဘူး။ ချာချာလည်နေပြီ။ သူဖတ်ထားတာတွေလည်း မေ့ကုန်ပြီ ထင်ပါတယ်.. ဦးဇင်းကလည်း မျက်နှာတွေပျက်ပြီး ချွေးတွေလည်း ပျံနေပြီ။ အချိန်ကလည်း တော်တော့ကို ကြာနေပြီဆိုတော့ တစ်ချို့အဖိုးအဖွားတွေက ရျှူးပေါက်ချင်လို့ဆိုပြီး ထပြန်ကုန်ပြီ။ ကြာကြာ မထိုင်နိုင်တဲ့ အဖိုးအဖွားကြီးတွေကလည်း ခြေထောက်တွေ ဟိုပြောင်းဒီပြောင်းနဲ့ မတတ်နိုင်တဲ့ အဆုံးတော့ ပြန်ကြတော့တာပေါ့။ ကျွန်မတို့ဆရာလေးတွေအဖွဲ့ကလည်း ညပိုင်းအိမ်တစ်အိမ်မှာ ဓမ္မစကြာရွတ်ဖို့ ဖိတ်ထားတဲ့အတွက် သွားပြီးရွတ်ဖတ်ကြရမှာ နောက်ကျနေပြီ။ ဒါနဲ့ ဆရာလေးတွေအဖွဲ့ကလည်း ထဖို့ တီးတိုး တိုင်ပင် နေကြချိန်မှာ ကျွန်မတို့အဖေက ဗြုန်းဆို မတ်တတ်ထရပ်လိုက်ပြီး ဦးဇင်းကိုပြောလိုက်တယ်။ “အရှင်ဘုရားတစ်ပါးတည်း ဟောနေလိုက်တော့ တပည့်တော်တို့တော့ ပြန်တော့မယ်” တဲ့။ ဘာပြောကောင်းမလဲ အဖေ့ကိုကြည့်ပြီး ဦးဇင်းရော တရားနားပရိတ်သတ်တွေပါ ရယ်လိုက်ကြတာ။ ဒါနဲ့ဦးဇင်းလည်း ရယ်ရယ်မောမောနဲ့ “ဒကာကြီးပြောမှဘဲ ဘာသာကြီး လေးရပ်ထဲက ထွတ်ဖို့သတိရတော့တယ်” ဆိုပြီး တရား သိမ်းလိုက်တော့တယ်။

0 comments:

Post a Comment