Thursday, September 30, 2010

တသက်လုံး မင်းကို ချစ်လို့သွားမှာပါပဲလေ

အခန်း (၁)


သူမကို စတွေ့သော နေ့က မိုးမရွာပါ …… နေမပူပါ ….. လေမတိုက်ပါ…….
ပုံမှန်အတိုင်း စီးဆင်းနေသော ….. ပုံမှန်နေ့ကလေး တစ်နေ့သာ ဖြစ်ပါသည်။
ထိုနေ့က VG ၏ Drama Show ရှိသော နေ့ကလေး ဖြစ်ပါသည်။ အရာရာတိုင်းသည်
ပုံမှန်အတိုင်းပင် ဖြစ်ပွားနေပါသည်။ မနက်လင်းလင်းချင်း ညီတော်မောင်လုပ်သူ
ကောင်းထက်က Drama Show တွင် မင်းသား လုပ်ရမှာ ဖြစ်သောကြောင့်
အ၀တ်အစားများကို ပြင်ဆင်ပေးရင် အဆောင်ပေါ်သို့ အန်တီက ကောင်မလေး
နှစ်ယောက်ကို ခေါ်လာသည်။ ထိုကောင်မလေး နှစ်ယောက်အနက် တစ်ယောက်က
အန်တီအဖွားလေး တူမဖြစ်ပြီး ကျန်တစ်ယောက်ကို အကြည့်………………………
.ကျွန်တော့်ရင်တို့ တဆတ်ဆတ်တုန်သွား…..
ကောင်းကင်က ကြယ်စင်တွေ တဖြုတ်ဖြုတ်ကြွေဆင်း………
အားလုံးသော အလှတရားတို့ ဒူးထောက်လဲကျ…….
အေးမြတဲ့ လေပြေတစင်းနဲ့ အတူ……
ကျွန်တော့်နှလုံးသားက နာမည်တစင်းကို မွေးဖွားပေးခဲ့ပါသည်…။
“ လမင်းလေး” …….. ဟုတ်တယ်…
“ လမင်းလေး” ….ကျွန်တော့်ဘ၀ရဲ့ လမင်းလေးပဲ………
လမင်းလေးဟု ကျွန်တော် Nick Name ပေးခဲ့သော ထိုကောင်မလေးကို
ခဏတဖြုတ်အတွင်းမှာ စွဲလမ်းသွားခဲ့သော ကိုယ့်ကိုကိုယ်လည်း အပြစ်တင်မိသည်။
တက္ကသိုလ် တက်သည့် လေးနှစ်တာ ကာလအတွင်း ဘယ်သူ့ကိုမှ မချစ်မိအောင်
ထိန်းနိုင်ခဲ့သော……. မိန်းမဆို ဘာညာ အာပလာဆိုပြီး မိန်းမမုန်းဝါဒကို
လက်ကိုင်ထားခဲ့သော …… ဘ၀ တက်လမ်းမှာ အချစ်ဆိုတာ အဆိပ်ပဲလို့ Formula
ထုတ်ခဲ့သော …..ကျွန်တော်…. အခု …. သေးသေးငယ်ငယ် ကောင်မလေးတစ်ယောက်ရဲ့
မျက်ဝန်းထဲမှာ ဒူးထောက်လဲကျခဲ့ရသည်။
ကျွန်တော့်မာနတွေ ခ၀ါချခဲ့ရသည်……
ထို့နေ့က လမင်းလေးကို ထပ်တွေ့ချင်နေသေးသော်လည်း…… ညီတော်မောင်ရှေ့
ဟန်ဆောင်ကာ Drama Show သို့ သွားခဲ့သည်။ Drama Show တွင်လည်း……
အစီအစဉ်တွေက တစ်ခုပြီးတစ်ခုပြီးသွားသည်..။
ဘာကိုမှ စိတ်မ၀င်စား….. အရာအားလုံးကို မေ့လျော့…..
မျက်ဝန်းထဲတွင် ဆံပင်အရှည်ကလေးနဲ့ လမင်းလေးသာ စိုးမိုးနေမိသည်။
ဒီကောင်မလေး နာမည်က ဘယ်သူလဲ……….
ဘယ်ကလဲ……. ဘယ်မေဂျာကလဲ……..
သူ့မှာရည်းစားရှိနေပြီလား…..
မသိစိတ်ထဲမှာ ပေါ်လာသော လားပေါင်းများစွားသော မေးခွန်းတွေကို တရစပ် စဉ်းစားရင်း ခေါင်းရမ်းလိုက်မိသည်…။
ခဏတာအတွင်းမှာ ငါ့စိတ်ကို စိုးမိုးထားတဲ့ ကောင်မလေးရယ်
ငါ့စိတ်တွေကို လွတ်မြောက်ခွင့် ပေးပါတော့……..
အပြင်ဘက်မှာတော့….Drama Show က သီချင်းသံစဉ်တွေက လွင့်ပျံစဲ…..။










အခန်း(၂)

“ ငါ့ ရည်းစားသူများနဲ့ ညားပြီးကွယ်”
အိပ်ချင်မူးတူးနဲ့ ရေချိုးဖို့ အဆောင်ပေါ်မှ ဆင်းအလာ……
ညီတစ်ယောက်လို ချစ်ရတဲ့ ကျန်းမာရေး ပထမနှစ်ကျောင်းသား ဗိုလ်ဟိန်းရဲ့
အသံကို ကြားရတော့ ဘာသိဘာသာ ပြုံးမိသည်။ ဘာရယ်မဟုတ် ဒီကောင်ကလည်း
ကျွန်တော့်လိုပဲ တခါတခါ ဖောက်ချည်လေးတွေ ပါတတ်သည်။ သြော်…. ဘာလိုလိုနဲ့…
ကျောင်းပြီးတာတောင် တစ်နှစ်ပြည့်တော့မည်….
ကိုယ့်အတွေးနဲ့ကိုယ် အပေါ်ထပ်မှ ဆင်းလာသော ကျွန်တော်….ရေချိုးရာ နေရာနားမှာ
နုတ်ခမ်းစူအောင့်၍ ဒေါသထွက်နေသော လမင်းလေးကို မြင်သောအခါ….. အံ့သြသွားသည်။
“ ဘာတွေ ဒီလောက်တောင် ဒေါသ ထွက်နေရတာလဲ”
“ နုတ်ခမ်းစူမထားပါနဲ့ လမင်းလေးရယ်”
ဒါတွေက စိတ်ထဲမှာ ပြောဖြစ်သော စကားတွေပါ…… နောက်သိရသည်မှာ သူတို့က
မျက်နှာသစ်ဖို့ ဆင်းအလာ ဗိုလ်ဟိန်းက တံခါးပိတ်၍ ရေချိုးတာနဲ့ ဆုံ၍
ဒေါသထွက်နေခြင်းဖြစ်သည်..။
အော်….. ကလေးမရယ်…. ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်တောင် ဒေါသထွက်ရသလား…..
လမင်းလေး စိတ်ဆိုးနေတာမြင်ရင် ကျွန်တော်မနေတတ်….ဒါကြောင့်
“ ဗိုလ်ဟိန်းရေ.. ငါ့ညီ မြန်မြန်ချိုးကွာ… ဒီမှာ မင်းအမတွေက စိတ်တော်ညိုနေပြီ”
“ ဟုတ်ကဲ့အကို..”
နောက် ကျွန်တော် ရေချိုးမှာကို မချိုးဘဲ….. လမင်းလေးတို့ မျက်နှာသစ်
ကိုယ်လက်သန့်စင်ပြီးသည်အထိ စောင့်နေမိသည်..။ အော်….တယ်ခက်လှတဲ့
ငါဘာလားနော်….
ဟိုက ကိုယ့်ကို ဂရုတောင်မစိုက်…. ကိုယ်က သူ့အတွက်ဆိုရင်…ဘ၀ဆိုတာကို
အရည်ဖျော်….မျှော်လင့်ချက်တွေကို မီးရှို့ဖို့ ထင်းတောင်စုထားမိနေသည်..
ဘာပဲဖြစ်ဖြစ် လမင်းလေးရယ်…..
မင်းဟာ ငါ့ဘ၀ရဲ့ ထာဝရ လမင်းလေးပါပဲ…..
မှောင်မိုက်နေတဲ့ ငါ့ဘ၀ရဲ့ အရှင်သခင်….
မောဟတွေ ဖုန်းလွမ်းနေတဲ့ အမှောင်ထုထဲက ငါ့အတွက် အလင်းတန်း….
ငါ့ဘ၀ ကောင်းကင်ကို ချယ်လှယ်တဲ့ ကာရန်မဲ့ ကဗျာတစ်ပုဒ်……
ငါ့ ဘ၀ပင်လယ်ပြင်ရဲ့ ကောင်းကင်တစ်ခုပါ….
အင်း…. ငါ့အတွက်ကတော့
မင်းဘ၀ ကောင်းကင်မျက်နှာပြင်မှာ လက်တဆုပ်စာတောင် နေရာမရတဲ့
တိမ်ညိုတအုပ်များလား…………
ကိုယ်သိပ်သိချင်တာပဲ………. လမင်းလေးရယ်………













အခန်း(၃)

နောက်ပိုင်းရက်များတွင် သိရသည်မှာ လမင်းလေး၏ နာမည်ရင်းမှာ ဇင်မျိုးသိမ့်
ဖြစ်၍ ပထမနှစ် ပထ၀ီမှ ဖြစ်ကာ မကွေးမြို့နယ် မိကျောင်းရဲမှ
လာရောက်ခြင်းဖြစ်သည်..။ ရန်ကုန်မှာ ပိုကောင်းသော အလုပ်တစ်ခုလုပ်ရန်အတွက်
Save the Children မှ ထွက်စာတင်ထားသောကျွန်တော်………
အနေနီးလျှင် မဖြစ်သင့်တာတွေ ဖြစ်မသွားရဖို့အတွက်….နှလုံးသားကို
အန်တု….အချစ်ဆိုတာကို ဥပေက္ခာပြု၍ ကျွန်တော် လမင်းလေးကို ရှောင်နေမိသည်။
ရုံးကိုသွားတိုင်းလည်း လမင်းလေးက စိတ်ထဲမှာ ပါလာသည်။
ရုံးက ကားကြီး စက်နိုးမရတော့လည်း လမင်းလေးကို သတိရသည်။
စာရင်းတွေ စစ်နေရင်လည်း လမင်းလေးကို တမ်းတသည်။
ဘယ်တုန်းကမှ စိတ်ညစ်မခံဘူးသော ကျွန်တော်…… လမင်းလေးနဲ့ကျမှ စိတ်တွေ လေနေမိသည်။
ကိုယ်မင်းကို မချစ်ရဘူး လို့ စိတ်ထဲမှာ ခဏခဏ သတိပေးနေပေမယ့်..
ကိုယ်မင်းကို ချစ်တယ် ချစ်တယ် လို့ပဲ ရင်ထဲမှာ ပဲ့တင်ထပ်နေမိသည်။
သိပ်ခက်တာပဲ လမင်းလေးရယ်..။
မဆိုင်မှန်းသိ လွမ်းသနစ်ကျွံ
လွန်လေပြီးသော ဖြေခက် ဝေးခက်
ပြေးထွက်မရ သမုဒယတိုး
ကိုယ့်အဆိုးပါ မြတ်နိုးခြင်း၏
အပြစ်ရှိက ခံပါရစေ။

စိတ်မှာ စွဲလမ်းဖူးခဲ့တဲ့ ကဗျာတစ်ပုဒ်က ရင်ထဲမှာ လာငြိသည်။
အော်….သိပ်ခက်ပါလား…… လမင်းလေးရယ်………
“ ကိုထွန်းမောင် … မသိမ့်ဗိုက်အောင့်လို့ ဆေးခန်းလိုက်ပို့ပေးပါအုံး…..”
ကိုယ့်အတွေးနဲ့ကိုယ် အတွေးနယ်ချဲ့နေမိနေတုန်း ဖြုန်းခနဲ့ဆို ချိုချို့ အသံကို
ကြားရတော့…….လန့်သွားမိသည်…..နောက် လမင်းလေး နာမည်ကို ကြားရ၍ ရင်ထဲမှာ ပျာယာခတ်သွားသည်။
ဟာ... ဒီကောင်မလေး ဘာဖြစ်တာပါလိမ့်....... အဖြေမပေးပဲ လမင်းလေးကို
သွားကြည့်တော့ လမင်းလေးရဲ့ မျက်ဝန်းမှာ မျက်ရည်တွေနဲ့........လမင်းလေးရဲ့
ပါးပြင်မှာ မျက်ရည်တွေကို မြင်တာနဲ့ ကျွန်တော် ပျာတောက်သွားခဲ့သည်။
“ ဟေ့ကောင်….. မင်းမငိုနဲ့လေကွာ……. မင်းငိုနေလို့ရော…. ရောဂါက သက်သာမှာလား….”
စိတ်ထဲက စကားတွေက အလိုလိုထွက်သွားမိသည်…. သူ့ကို ကြည့်ရင်း ရင်ထဲမှာ အတော်ထိခိုက်သွားမိသည်..။
မငိုပါနဲ့ လမင်းလေးရယ်….. မင်းရဲ့မျက်ရည်တွေဟာ ငါ့နှလုံးသားပေါ် တစက်ချင်း
လာချတဲ့ သံရည်ပူတွေလိုပါပဲ…………..။ လောကကြီးမှာ ငါ
မမြင်ချင်ဆုံးအရာတစ်ခုဟာ……မင်းပါးပြင်ပေါ်က
မျက်ရည်စက်တွေပါပဲ………….လမင်းလေးရယ်……မငိုပါနဲ့ကွာ………..
ဆေးခန်းပို့ရန်အတွက် ဆိုင်ကယ်ကို နေမျိုးအောင်ဆီမှ ငှားထားသည်။
ဆိုင်ကယ်ကို ကမန်းကတမ်းထုတ်ကာ ….. လမင်းလေးနှင့် ချိုချိုကို တင်ကာ
ဒေါက်တာ ထွန်းအောင်ကြည်ဆေးခန်းသို့ မောင်းထွက်လာမိသည်။
ဆိုင်ကယ်နောက်မှာ လမင်းလေးကို တင်လို့ ကိုယ်တယောက်ရင်မှာ လှိုက်ဖိုကြည်နူးလို့ပေါ့…..
သိပ်ချစ်တာပဲ လမင်းလေးရယ်…………………….








အခန်း(၄)

“ အစ်ကို အလာကောင်းပေမယ့် အခါနှောင်းသွားပြီ”
“ အခုတော့ ပါသွားပြီ”
ညီတော်မောင် ကောင်းထက်ရဲ့ အပြောင်မပျက်စကား…..
ညနေ ရုံးက ရောက်ရောက်ချင်း လမင်းလေးကို တွေ့ချင်စိတ်က ကောင်းထက်စကားကြောင့် အလိုလိုရပ်တန့်……. တိုက်စားခံလိုက်ရသည်။
လမင်းလေးကို တွေ့လျှင် သီကြူးပြဖို့ သီကုံးထားသော စကားတွေလဲ မီးရှို့ခံလိုက်ရသည်.။။။
သြော်…… လမင်းလေးရယ်….. မင်းမှာက ဦးသူရှိနေပြီပေါ့…..
အင်းပေါ့လေ….. ဒီလောက်လှနေမှတော့ …..မင်းမှာက ဦးသူ
ရှိနေရောပေါ့…….သူ့ခြံတွင်းက ပန်းကိုမှ တမ်းတမိတာ
ကိုယ့်အလွန်ပဲလေ………..ဟုတ်ပါတယ်…ကိုယ့်ရဲ့အလွန်ပါပဲကွယ်……..
ရင်တခုလုံး မောဟိုက်ကြေမွ………ထမင်းလဲ စားချင်စိတ်မရှိ….. ရေချိုးနေရင်းက
ရေထဲမှာ လမင်းလေးရဲ့ ပုံရိပ်က ရေးတေးတေးပေါ်လာပြီး ကိုယ့်ကို
လှောင်ရယ်နေသလို……….
ရယ်ပါ……….လမင်းလေးရယ်……ဟုတ်ပါတယ်…..ကိုယ့်ကို
မင်းရယ်သင့်ပါတယ်……ကောင်မလေးတစ်ယောက်ကို ရည်းစာ ရှိ မရှိ မစဉ်းစားပဲ
တဖက်သတ်စွဲလမ်းရင်ခုန်ခဲ့တဲ့ ငါ့ကိုက ညံ့လွန်းပါတယ်….လမင်းရယ်
နှောက်နေသော ခေါင်းကို ရေအေးတွေ လောင်းချပေမယ့် ဦးနှောက်က ကြည်မလာ…….
ပူနေသော ရင်ဘတ်ကြီးကလဲ ရေလောင်းမှ ပိုပူလာသည်…။
ရေချိုးပြီးလို့ အ၀တ်အစားလဲ၍ ထွက်လာခဲ့သည်။ ညီတော်မောင် ကောင်းထက်ရဲ့
အစ်ကို ဘယ်လဲ……ဆိုတဲ့ စကားကိုတောင် အဖြေမပေးခဲ့………….။
ဘယ်လောက်ပဲ ဟန်ဆောင်ထားပေမယ့် မျက်နှာက ပျက်ချင်နေသည်…….. လမင်းကြီးရဲ့
အောက် သစ္စာလမ်းပေါ်မှာ တကိုယ်တည်း လမ်းလျှောက်ရင်း တွေးနေမိသည်။
အော် …..အပေါ်မှာလဲ လမင်းကြီးကသာလို့……ရင်ဘတ်ထဲမှာလည်း လမင်းတစင်း…..
ရင်ထဲက လမင်းလေးကတော့…..ခုဆို…….
အတွေးတွေနဲ့တင် ရင်ထဲမှာပူလာ၍ ခေါင်းကို အသာခါယမ်းပစ်လိုက်မိသည်။
“ချစ်တယ်ဆိုတာ လက်ချင်တွဲပြီး ရည်ရွယ်ချက်မရှိပဲ လမ်းလျှောက်ခြင်းတစ်မျိုးပဲ” တဲ့
စာရေးဆရာ သစ္စာနီရဲ့ စကားလုံးတွေကို တိုးတိတ်စွာ ညည်းတွားနေမိသည်။
လမင်းလေးကို ချစ်သည်…..ထိုစကားလုံးများကို ရင်ထဲမှာပဲ အကြိမ်တစ်ထောင်လောက် အော်ကြွေးနေမိသည်။


• ငါသည် သူ့ကိုချစ်
• သူ့ကိုချစ်သောကြောင့် ခံစားခဲ့ရသော
• ဒုက္ခတို့သည် ကြီးစွ။
• ဟိသစ္စံ ဤစကားသည် မှန်၏။ ။
• ဤမှန်သောစကားကြောင့်
• ငါသည်
• ဖြစ်လေရာ ဘ၀တိုင်း
• အချစ်မဲ့သော ကိုယ်
• ဖြစ်ရပါလို၏။ ။









ဘာပဲဖြစ်ဖြစ် ထိုအချိန်ကတည်းက သူမသည် ရည်းစားရှိနေပါက ဇာတ်လမ်းထက်ရှိလာစရာ ရှိလာမည် မဟုတ်။
သူမသည် သူမအဖြစ် တည်ရှိနေပြီး ကျွန်တော်သည်လည်း ကျွန်တော်အဖြစ်သာ
တည်ရှိနေပါက သူမနှင့် ကျွန်တော်ကြား အချစ်ဆိုတာတွေ ၊ အလွမ်းဆိုတာတွေ ၊
နာကြည်းစရာဆိုတာတွေ ၊ သောကဆိုတာတွေ ပေါ်ပေါက်လာစရာ အကြောင်းလည်း ရှိလာမည်
မဟုတ်။
ထိုအချိန်ကတည်းက သူမသည် ကျွန်တော့်ကို ငြင်းလိုက်မည် ဆိုလျှင် အခုလောက် ကျွန်တော်ရော သူပါ ခံစားရမည် မထင်။
ဇာတ်လမ်းကို ဆက်ရမည်ဆိုလျှင် ……………….













အခန်း(၅)

တေးသစ်
• အချစ်ဆိုတာတော့ ငါမသိဘူး
• နင့်မျက်နှာကို ကဗျာတစ်ပုဒ်လိုဖတ်ပြီး
• ငါ့ ရင်မှာ ပြည့်နေလို့
• ငါ စားမ၀င်ခဲ့တာလည်း ကြာပါပြီ ။
• နင့်စကားသံကို တေးသံမှတ်ပြီး
• သန်းခေါင်ကျော်တောင် ကြားယောင်လို့် အိပ်မရ
• နှိပ်စက်ညတွေလည်း များလှပြီ။ ။
• နင်နဲ့ တွေ့တဲ့ အကြိမ်ပေါင်း
• လက်ငါးချောင်းတောင် မပြည့်သေးပေမယ့်
• ငါ့ ရင်ထဲမှာ . . .
• ထောင်သောင်းမက ရေတွက်ခဲ့ပြီ။ ။
• နင့်ရဲ့ စိတ်ထားကိုလည်း
• ဖြူစင်တယ်လို့ မသိစိတ်နဲ့
• ကြိတ်ပြီးတော့လည်း
• အမှတ်ပေါင်းများစွာ
• ပေးခဲ့ပြီးပြီ ။ ။
• မသိတော့ပါဘူး . .
• နင် နဲ့တွေ့မှ
• ငါ့ . . . ယောက်ျားမာနတွေ
• ပြောင်းပြန်လှစ်
• တေးသစ်တစ်ပုဒ်ကို
• ဆက်ဆိုချင်နေမိတယ် . .. ။ ။

ထိုကဗျာလေးကို သူမကို ပေးဖြစ်မိခဲ့သည်။ သူမအတွက် ကျွန်တော်ကိုယ်တိုင်
ရေးစပ်ခဲ့သော ကဗျာလေးကို သူမထာဝရ သိမ်းဆည်းထားမည်ဟု
ကျွန်တော်မျှော်လင့်ခဲ့ပါသည်။ သို့သော်…… သူမသည် ထိုကဗျာလေးကို
တလပြည့်အောင်ပင် သိမ်းမထား…… အခြားသူတစ်ယောက်၏ ဖျက်ဆီးခြင်းကို
ခံလိုက်ရကြောင်း နောက်ကျမှ ကျွန်တော် ကြေကွဲစွာ သိလိုက်ရပါသည်။
ထိုကတည်းက သူမ ကျွန်တော့်အပေါ် ထားရှိခဲ့သော သံယောဇဉ်ကို ကျွန်တော်
သိခဲ့ဖို့ ကောင်းပါသည်။ သို့သော်…… သူမသည် ကျွန်တော်အပေါ် အတိုင်းအတာ
တစ်ခုထိ ချစ်ခဲ့မိလိမ့်မည်ဟု ထိုအချိန်က အရှက်မရှိစွာ ကျွန်တော်
ထင်ထားမိခဲ့ပါသည်။ သူမသည် လှပါသည်……. တချိန်ကတော့ သူမအလှကို
ကျွန်တော်သာယာယစ်မူးဖူးပါသည်…… သူမအလှကြောင့်ပင် သူမ ကျွန်တော့်ကို
ထားခဲ့သည်…… သို့မဟုတ် …. သူမနှင့် ကျွန်တော် ဝေးခဲ့ရသည်ဟု
ကျွန်တော်ထင်ပါသည်….။ ကျွန်တော် မှားလျှင် မှားပါမည်….
ခရစ်ယာန် တို့သည် အရာရာတိုင်းကို ဘုရားသခင်၏ အလိုကျဟု အခါခါ သတ်မှတ်ကြသည်။
ထိုအတိုင်းဆိုလျှင် သူမနှင့် ကျွန်တော်သည်လည်း ဘုရားသခင်၏ အလိုကျ
တွေ့ခဲ့ကြသည်။
ဘုရားသခင်၏ အလိုက ချစ်သူတွေ ဖြစ်ခဲ့ကြသည်…။
ဘုရားသခင်၏ အလိုကျ ဝေးခဲ့ကြရသည်…..။
ဒီလိုဆိုရင်…….. သူမ ကျွန်တော်အပေါ် အထင်လွဲခဲ့တာတွေ……. ဖြေရှင်းခွင့်
မပေးခဲ့တာတွေ……….နောက်တစ်ယောက်ထပ်တွဲတာတွေ………ဘာအကြောင်းပြချက်မှ မရှိပဲ
ကျွန်တော့်ကို ထားရစ်ခဲ့တာတွေကိုလည်း ဘုရားသခင်၏ အလိုကျပဲ ဖြစ်ခဲ့တာလို့ပဲ
ကျွန်တော် ကောက်ချက်ချလိုက်ပါတော့မည်။
သူမသည် လူမှု့ရေးလုပ်သူထက် စီးပွားရေးလုပ်သူကိုသာ ထာဝရ လက်တွဲဖို့ ရည်ရွယ်ထားဟန်ရှိပါသည်…။
ထို့ကြောင့် သူမ နှစ်သက်သည့် လမ်းကို သူမကိုယ်တိုင် ရွေးချယ်သွားခဲ့သည်.။
ထို့ကြောင့် ဘုရားသခင်၏ အလိုကျ……
ကျွန်တော် အသဲကွဲရပါသည်…… အသဲကွဲသူတို့ ထုံးစံအတိုင်း ကျွန်တော် အရက်မသောက်ပါ။
မူးပြီးတော့လည်း မရမ်းပါ…… အဘယ့်ကြောင့်ဆိုသော် သူမကို အရက်မသောက်ပါဟု
ကျွန်တော် ကတိပေးထားမိသောကြောင့် ဖြစ်သည်။ သူမ ကျွန်တော့်အနားမှာ
မရှိတော့သော်လည်း သူမကို ပေးထားခဲ့သော ကတိကို ကျွန်တော် တည်နိုင်အောင်
ကြိုးစားရပါမည်။………….
စာရေးဆရာ တာရာမင်းဝေကတော့ အသဲကွဲတယ်ဆိုတာ သီချင်းလေးတွေ တိုးတိုးညည်းရင်း
ထိရှခဲ့တဲ့ သွေးမဲ့ ဒဏ်ရာတစ်ခုပါလို့ အဓိပ္ပါယ် သတ်မှတ်ခဲ့ပါသည်။ ကျွန်တော်
အသဲကွဲသည့်အတွက် အလုပ်ပိုလုပ်ဖြစ်ပါသည်။
နှလုံးသားကို မနာကျင်အောင် ကုစားသည့်နည်းမှာ ခန္ဒာကိုယ်ကို အလုပ်များဖြင့် ခိုင်းစေခြင်းဖြင့် သက်သာစေပါသည်။
နှစ်ဆယ်တစ်ရာစုမှာ အသဲကွဲလို့ ဘ၀ပျက်ခံမယ့်အစား လူငယ်တစ်ယောက်အနေဖြင့်
လူ့လောကအကျိုး… တိုင်းပြည်နှင့် လူမျိုးအကျိုး…အတွက် ဆောင်ရွက်ရဦးမည်
ဖြစ်သည်။ သူမကျွန်တော့်ကို မချစ်ခဲ့သင့်ပါ… သို့မဟုတ် …. သူမနဲ့ ကျွန်တော်
မတွေ့ခဲ့သင့်ပါ……….အင်း……..
သို့သော်လည်း………………………………





















အခန်း(၆)

အဆောင်မှာ ဝေးသင်တက်ရန်အတွက် ရောက်လာသော ကျောင်းသားတွေကလည်း…. တစထက် တစ
များပြားလာသည်။ အများစုကား လမင်းလေးတို့ နယ်မှ ဖြစ်ကာ….တချို့
ယောက်ျားလေးများမှာ လမင်းလေးနဲ့ သိသူ ခင်သူများဖြစ်ကြသည်။ ယောက်ျားလေး
မိတ်ဆွေ ထားတာကို နားလည်ပေးနိုင်သော်လည်း အလိုလို ကျွဲမြီးတိုနေမိသည်
သူတို့တတွေ ဟေးလားဝါးလား လုပ်နေတာမြင်လျှင် စိတ်ထဲက မွှန်းကြပ်လာပြီး စိတ်က အလိုလို တိုလာသည်။
ကျွန်တော်သည် လုံးဝ ဟန်မဆောင်တတ်….. ဒါကြောင့် ကျွန်တော့် မျက်နှာဆူပုပ်နေတာကို အခြားသူများ မြင်ယုံနှင့်ပင် သိနိုင်ပါသည်။
ခက်ပါလား………….လမင်းရယ်
မင်းနဲ့တွေ့မှ ငါလည်း အလိုလိုနေရင် အဘိစာ မစ္ဆရိယ တွေ ၀င်နေပါလား
သမုဒယကြောင့် ဒုက္ခဖြစ်တယ်ဆိုပေမယ့် …………
အဲဒီ သမုဒယလေးတစ်မျှင်ကိုပဲ မက်မောစွာ တွယ်မက်မိနေတယ်လေ………….
ရုံးက ရောက်လာကတည်းက အခန်းထဲဝင်ပြီး အိပ်နေပေမယ့် အိပ်လို့မပျော်………..စားလို့မ၀င်
မျက်စိမှိတ်ထားပေမယ့်……….ဦးနှောက်နဲ့ နှလုံးသားကို လမင်းလေးကပဲ ကန်ထရိုက်ဆွဲထားသည်။
ဘာမှုလုပ်လို့မရတဲ့ အဆုံး ………စာအုပ်ဆိုင်သွားဖို့အဆောင်ပေါ်မှ ဆင်းလာခဲ့သည်…။
လှေကားဝမှာ လမင်းလေးနဲ့တွေ့စဉ် လမင်းလေးရဲ့ မျက်နှာက သိပ်မကောင်း……….
“ ဘယ်သွားမလို့လဲ…….”
“ စာအုပ်ဆိုင်သွားမလို့……….”
“ လိုက်ခဲ့မယ်………….”
ဒီလိုနဲ့ လမင်းလေးနှင့် ကျွန်တော် ဗာဒံပင်လမ်းတစ်လျှောက် နှစ်ယောက်အတူတွဲလျှောက်ဖြစ်ခဲ့သည်။
ဘာပဲပြောပြော လမင်းလေးကို ချစ်ရသည်မှာ ၀လုံးလေးများကို ကိုယ်တိုင်ဝိုင်းပြီး တော်လှပြီဟု ထင်နေသော ကလေးလေး တစ်ယောက်လိုပင် ဖြစ်နေသည်။
“ မနေ့က အကြာကြီး စောင့်နေတာ..သူက ပေါ်မလာလို့ သူငယ်ချင်းတွေနဲ့ လိုက်သွားတာ…ပြန်လာတော့လဲ မတွေ့ဘူး…. ဘယ်သွားနေတာလဲ “
“လမင်းလေး” ထံမှ ထွက်ပေါ်လာသော ဒီစကားတစ်ခွန်းနဲ့တင်…. သောကမုန်တိုင်းတွေ
လွင့်စင်သွားသည်…..ကျွန်တော်နားထဲသို့ ပျားရည်မြစ်တစင်း စီးဝင်သွားခဲ့သည်…။
သိပ်ခက်ပါလား…လမင်းရယ်
မင်းဟာ ငါ့ဘ၀ကို လိုသလို ပုံသွင်းနိုင်တဲ့
ဖန်ဆင်းရှင်များလား……မီးလောင်ပျာကျသွားပြီလို့ ထင်ထားပေမယ့်
မျှော်လင့်ချက် တစုံကို မင်းစကားတခွန်းနဲ့တင် ပြန်လည်မွေးဖွားလာခဲ့မိသည်။











အခန်း( ၇)

“ကိုယ် မင်းကိုချစ်တယ်……..ကိုယ့်ကို ပြန်ချစ်ပါ..မင်းကို
ကိုယ့်ဘ၀ရဲ့ လက်တွဲဖော်အဖြစ် ကိုယ်သတ်မှတ်လိုက်ပြီ”
နေရာကား ကန်သာကန်ရဲ့ အနောက်ဖက်ဘောင်…မှောင်ရီတရော
အချိန်……ထိုစကားစုများကို ကျွန်တော့်နုတ်မှ ထွက်သွားမိသည်….ထိုစကားကို
ပြောရတာက နှလုံးသား၏ လှုံ့ဆော်မှုကို ဦးနှောက်က မလွန်ဆန်နိုင်သောကြောင့်
ထွက်သွားခြင်းဖြစ်သည်။
အရှက်တွေကို ရင်းထားတဲ့ စကားတစ်ခွန်း….
မျှော်လင့်ခြင်းများစွာပါဝင်တဲ့ စကားတစ်ခွန်း……
ဟင့်အင်းဆိုလျှင်တော့ သေလိုက်ဖို့သာ ကောင်းသည်…………သို့သော်……..
လမင်းလေးသည် ထို့သို့ မရက်စက်တတ်ပါ………သူမဆီက စကားတစ်ခွန်း…….မကြားရခင် သူမ၏ လက်ကလေးကို ကျွန်တော် ဆွဲကိုင်လိုက်မိသည်………အော်
သူမလက်ကလေးများသည် နုးညံ့အေးဆက်ရ်ျ လှပနေပါသည်……….
အော်……….
ဒီလိုနဲ့…………ဒီလိုနဲ့
သူမသည် ကျွန်တော် ဖြစ်လာခဲ့သလို ကျွန်တော်သည်လည်း သူမဖြစ်လာခဲ့သည်။
ချစ်ကြပြီဆိုတော့လည်း………..နှစ်ယောက်မှ တစ်ဘ၀ဆိုသလို နေ့လဲမခွဲ ညလည်းမခွာ….
သူများတွေထက် ပိုမိုလွန်ကဲ ချစ်ကြသည်… ကျွန်တော် ရုံးနောက်ကျလျှင် သူမသည် စိတ်ပူတတ်စမြဲ… စိတ်ကောက်တတ်စမြဲ……………အင်း ………….
ဘာပဲပြောပြော……………သူမနဲ့ ကျွန်တော် ချစ်ပါသည်……….အသဲနှစ်အောင် ချစ်ခဲ့ကြပါသည်……
ရင်နင့်အောင် ချစ်ခဲ့ကြပါသည်……………………
ချစ်သည်………..ချစ်ခဲ့သည်…………..ချစ်ခဲ့ဖူးသည်………….ချစ်မိခဲ့ဖူးပါသည်………………..
သို့သော် ကျွန်တော်တို့သည် ရည်းစာသက်တမ်း ၇ ရက်မြောက်နေ့တွင် ကျွန်တော်သည်
နာဂစ်ဒေသ မုန်တိုင်းသင့် ပြည်သူများထံတွင် သောက်ရေကန်တူးဖော်ရေး
စိံမံချက်အတွက် တာဝန်ထမ်းဆောင်ရန် ထွက်ခွာခဲ့ရသည်… ချစ်ခဲ့ရတဲ့
အချိန်လေးအတွင်းမှာ ကျွန်တော် တတ်နိုင်သမျှ အကောင်းဆုံး ချစ်ပြခဲ့ပါသည်….
သူမနှင့် ခွဲခွာနေရစဉ်အတွင်း ကျွန်တော် သူမကို နေ့စဉ်လွမ်းဆွတ် ခဲ့ရသည်။
ညနေ နေညိုချိန်တိုင်း သူမကို လွမ်းမိတိုင်း ကျခဲ့တဲ့ မျက်ရည်တွေ…..
ညအိပ်ရာဝင်လျှင် လမင်းလေးကို တမ်းတစိတ်နဲ့ အိပ်ရာဝင်ခဲ့သလို……….မနက်အိပ်ရာထလျှင်လည်း သူမကို တမ်းတစိတ်ဖြင့် အိပ်ရာထဲခဲ့သည်………..
အလုပ်တွေ ဘယ်လောက်ပင် ပင်ပန်းပင်ပန်း………..သူမကို
ချစ်တဲ့စိတ်ဖြင့်…………..ကျွန်တော် အရာရာကို
အံတုနိုင်ခဲ့သည်…………………..ကျော်လွာနိုင်ခဲ့သည်……………………….
နာဂစ်ဒေသတွင် နေထိုင်စဉ်အတွင် အသက်ဘေးနှင့် ခဏခဏ ကြုံခဲ့ရသော်လည်း…
ကျွန်တော် လုံးဝမကြောက်ခဲ့ပါ…………..ဘယ်လောက်ပင် ကြမ်းတမ်း….ဘယ်လောက်ပင်
ခက်ခဲပါစေ …….ကျွန်တော် အကောင်းဆုံး လုပ်ဆောင်ခဲ့ပါသည်………………………။
လမင်းလေးကို ချစ်တဲ့စိတ်နဲ့ လူတိုင်းကို စေတနာထားတတ်လာသည်……….ပိုပြီး
စာနာတတ်လာသည်…………..ကျွန်တော်ရောက်ရှိရာ ဒေသတိုင်းက ပြည်သူများကို
ကျွန်တော်တတ်နိုင်သမျှ ဆေးဝါးကုသပေးခဲ့သည်…………… ကုသမူမှန်သမျှကို အခမဲ့
ကုသပေးခဲ့သည်………………..ကျွန်တော် အချိန်ရတိုင်း လမင်းလေးဆီသို့
ဖုန်းခေါ်ခဲ့သော်လည်း………..လမင်းလေး တခါမှ
လာရောက်မကိုင်ခဲ့ပါ……………..ကျွန်တော်ရောက်ရှိရာ နေရာသည် ဧရာဝတီတိုင်း
ဘိုကလေးမြို့နယ် မိန်းမလှကျွန်းအောက်ပိုင်းတွင် ဖြစ်သောကြောင့်
ဖုန်းလည်းမရှိ…..ဘာမှ မရှိ…ခက်ခဲ ကြမ်းတမ်းလွန်သော
နေရာဒေသဖြစ်သည်…………………………………..
သို့သော်…………ကျွန်တော် ကျော်ဖြတ်ခဲ့သည်……….
ကျွန်တော် အောင်မြင်စွာ တာဝန်ကို ထမ်းဆောင်ခဲ့ပါသည်………………………
တာဝန်များပြီးဆုံးရ်ျ ခွင့်တလ ရသောအခါ ကျွန်တော်သည် မိမိဇာတိ
မွေးရပ်မြေသို့ မပြန်သေးပဲ…….မကွေးမြို့သို့ ခြေဦးလှည့်ခဲ့ပါသည်………………….
အော်……………ခြေဦးလှည့်ခဲ့ပါ၏။ ။
Xxxxx xx x x xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
















ဇာတ်သိမ်း

သို့သော်…
သူမသည် အကြောင်းပြချက် မဲ့စွာဖြင့် ကျွန်တော်ကို ထားရစ်ခဲ့ပါသည်…
ကျွန်တော်နှင့် ဝေးကွာနေစဉ်အတွင်း သူမသည် အခြားတစ်ယောက်ကို အဖြေပေးခဲ့သည်။
ကျွန်တော် သူမကို လွမ်းဆွတ်နေစဉ် အချိန်များတွင် သူမသည် အခြားတစ်ယောက်၏
ရင်ခွင်ဝယ် ပျော်ရွင်စွာ ကြည်နူးနေခဲ့သည်။
သို့သော် ကျွန်တော် ကျေနပ်ပါသည်။ ရင်နင့် ကြေကွဲစွာဖြင့် ကြေနပ်နေပါသည်။
ဘာပဲဖြစ်ဖြစ် ကျွန်တော်သည် သူမဘ၀ထဲမှ တဖြည်းဖြည်းမှုန်ဝါးပျောက်ကွယ်သွားခဲ့လိမ့်မည်ဟု ကျွန်တော် မျှော်လင့်ပါသည်.။
သူမနှင့် ကျွန်တော်ကြား အမှားများ ပေါ်ပေါက်ခဲ့ပါသည်…………..
သေချာသည်မှာ ထိုအမှားများကို သူမပြုလုပ်ခဲ့တာ မဟုတ်ခဲ့သလို
ကျွန်တော်ပြုလုပ်ခဲ့တာလည်း မဟုတ်ပါ………..လူတကာပြောသလို ဖူးစာလို့ပဲ
ပုံချလက်ညှိုးထိုးပြပါမည်………သို့သော်
ထိုသို့ပြုလုပ်ခြင်းသည်လည်းမတရားပါ…………………. မတရားဟု ထင်ပါသည်
ဘာပဲပြောပြော သူမနှင့် ကျွန်တော် နားလည်မူလွဲမှားစွာဖြင့် ဝေးသွားခဲ့ပါသည်…….
သူမက ကျွန်တော့်ကို ထားခဲ့သလား………..ကျွန်တော်ကပဲထားခဲ့သလား……..ဆိုတာကို
ယနေ့အထိတော့ ကျွန်တော် အဖြေရှာလို့ မတွေ့သေးပါ……..သို့သော်……..အခုချိန်မှာ
သူမသည် ကျွန်တော်နှင့် အဝေးဆုံးတစ်နေရာတွင် တည်ရှိနေခြင်းပင် ဖြစ်သည်။
အခုချိန် သူမကျွန်တော့်ကို လွမ်းနေမှာလား………..
မေ့နေပြီး တခြားတယောက်ရဲ့ ရင်ခွင်မှာ ပျော်မွေ့နေပြီလား…………….
ကျွန်တော်လုံးဝမသိချင်တော့ပါ……….သိဖို့လည်း မလိုအပ်ဟု ထင်ပါသည်………..
ဒါပေမယ့် သေချာတာတစ်ခုကတော့ သူမကို ယနေ့ထိ ချစ်နေဆဲဆိုတာပဲ ဖြစ်သည်………….
သူမနဲ့ ကျွန်တော် စတွေ့ခဲ့တဲ့ နေ့စွဲလေး………….၁၄.၉.၀၉
သူမကို ကျွန်တော့် ချစ်ခွင့်ပန်ခဲ့တဲ့………………..၂၂.၉.၀၉
ကျွန်တော်ခရီးထွက်ခဲ့တဲ့ ….၂၉.၉.၀၉
ကျွန်တော် ခွင့်နဲ့ပြန်လာတဲ့……၁၆.၁၀.၀၉
နောက် နောက်ဆုံးတွေ့ခဲ့တဲ့ ၂၃.၁.၁၀
ထိုနေ့စွဲများကို ယနေ့ထိ ကျွန်တော် အမှတ်ရဆဲပါ…..နောက်
ကျွန်တော်ပိုက်ဆံအိတ်ထဲမှာ အမြဲပါတတ်တဲ့
သူမဓါတ်ပုံလေးများ….အင်း….ကျွန်တော်သူမကို အခုထက်ထိ ချစ်နေဆဲဆိုတာ
သေချာပါတယ်……သေချာလောက်ပါတယ်…………….
• မေ့တတ်ချင်သည်
• မြင်လည်းမသိ ကြည့်လည်းမတွေ့
• မအောက်မေ့တမ်း မစွဲလမ်းကြေး
• အတွေးထဲမှာလည်း သူမရှိချင်….

ကျွန်တော်သူမကို ကျွန်တော့်ဘ၀လမ်းမှာ အတူလျှောက်လှမ်းဖို့
ခေါ်ခဲ့သည်………..။အတူတူ ဘ၀ကို ရင်ဆိုဖြတ်သန်းဖို့ အိပ်မက်တွေ အတူတူ
တူးဖော်ဖူးပါသည်။ သို့သော် ထိုအရာများသည် ယခုအခါ အိပ်မက်များပင်
ဖြစ်သွားပါတော့သည်။
ခွဲခွာရစဉ် အချိန်တုန်းက ကျွန်တော် ရူးမတတ် ခံစားခဲ့ရပါသည်။ … ကျွန်တော်
သူမကို လွမ်းသောကြောင့် မငိုပါ…. ဒါပေမယ့် မျက်ရည်ကျခဲ့မိပါသည်။ အင်း…
မျက်ရည်ကျမိခဲ့ပါ၏….
ယခုအချိန်တွင် သူမသည်လည်း သူမဘ၀နှင့် သူမ ပျော်ရွင်နေလောက်ပါပြီ…
သူမဘ၀သစ်တွင် အချစ်သစ်နှင့် အခြေကျပြီး….
အော်… ပျော်မွှေ့နေလောက်ပြီ…..
ကျွန်တော်ကသာ ခွင့်ရတိုင်း … မကွေးမြို့သို့ ပြန်ဖြစ်ခဲ့သည်…………………..
သူမကို ကျွန်တော် မမုန်းပါ….. မုန်းဖို့လည်း မကြိုးစားပါ…………..မေ့ဖို့လည်း မကြိုးစားပါ………..
သူမကို ချစ်ခဲ့ခြင်းသည်….. သူမကို မုန်းဖို့ မေ့ဖို့ ချစ်ခဲ့တာမှ မဟုတ်တာ….
မကွေးမြို့သို့ ရောက်တိုင်း သူမကို ချစ်ခွင့်ပန်ခဲ့ရာ… ကန်သာကန်ရဲ့ အနောက်ဖက် ဘောက်ပေါင်ပေါ်မှာ……………..
ကျွန်တော် တယောက်တည်း…………………………
ည…. ညဆို ကြယ်လေးတွေကို နံပါတ်စဉ် တပ်ပေးနေမိသည်……………
လမင်းလေးကို တွေ့မလား……………………
နေ့… နေ့ဆိုလည်း…. တိမ်လေးတွေကို ရေတွက်နေမိသည်………..
လမင်းလေးကို တွေ့မလား………….
လမင်းလေးကို တွေ့မလား…………
လမင်းလေးကို တွေ့မလား…………….
ဒီလိုနဲ့ နေ့ကို လစားပြီး… အချိန်တွေ့သာ တရွေ့ရွေ့ ကုန်ဆုံးလာခဲ့သည်…..
ခွင့်ရက်စေ့၍ မကွေးမြို့မှ ပြန်လာခဲ့သည်…. လမင်းလေးကို မတွေ့ခဲ့ပါ….
ဘယ်တော့မှ ပြန်မဆုံနိုင်မှန်လည်း သိပါသည်……………မဆုံသင့်တော့မှန်းလည်း သိပါသည်………ဒါပေမယ့် လွမ်းမိပါသည်…. လွမ်းမိပါ၏…..
ဘာပဲဖြစ်ဖြစ်လေ…………..
အချစ်ဆိုတာ ဆုံစည်းခွင့် ရမှ ဖြစ်ခွင့် ရှိတာမဟုတ်ပါဘူး… လမင်းရယ်
မဆုံစည်းရလည်း ချစ်လို့ရတာပဲလေ……….မဟုတ်ဘူးလား………
ဒီတော့………..
မင်း………ကိုယ့် အနားမှာ ရှိသည်ဖြစ်စေ… မရှိသည်ဖြစ်စေ……..
ကိုယ်ကတော့ တသက်လုံး မင်းကို ချစ်လို့သွားမှာပါပဲလေ…………………………..

0 comments:

Post a Comment