Thursday, September 30, 2010

စိတ်

ဦးဇင်းကျောင်းဘေးကပ်ရက်မှာ ရေကန်ကြီးတစ်ခုရှိပါတယ်။ ကန်ထဲမှာ မိုးတွင်းဆိုဟိုကဒီကရောက်လာကြတဲ့ ငါးတွေနဲ့ဆိုတော့ ငါးအင်မတန်ပေါပါတယ်။ ငါးကျည်း ငါးဖယ် ငါးပြေမ ငါးဘတ် ငါးခူ ငါးရံ့ ငါးကြင်းစုံလို့ပါပဲ။ ကိုယ်မသိတဲ့ငါးတွေလဲ အများကြီးပါပဲ။

နေ့စဉ်မနက်(၇)နာရီလောက်ဆိုရင် ငါးမျှားသူတွေရောက်လာကြပါပြီ။ ငါးမိလို့ဝမ်းသာအားရသူတို့ အော်လိုက်တဲ့အသံများဟာ မနက်ခင်းကို တော်တော်အကျည်းတန်သွားစေခဲ့ပါတယ်။ မနက်တိုင်းနေ့စဉ် ဒီသတ်ဖြတ်သံတွေကြားနေရတာ တကယ်ကို စိတ်ဆင်းရဲမိပါတယ်။

ဒါနဲ့ `` မင်းတို့ကြည့်ရတာ အသက်လေးတွေလဲ (၂၀)ကျော်လေးတွေလောက်ပဲ ရှိပါသေးတယ်။ တစ်နေကုန်မျှားလို့ ငါးကဘယ်လောက်ရမှာလဲ အခြားအလုပ်လေးမလုပ်ချင်ကြဘူးလား´´မေးမိပါတယ်။ ကိုယ်က မင်းတို့လာမျှားကြနဲ့ ပြောရင်လည်းရပေမဲ့ အဲလိုကျတော့လည်း မပြောရက်ပါဘူး။ တော်ကြာ ဒီငါးမျှားမှ ထမင်းစားရတဲ့မိသားစုတွေ ဖြစ်နေမှာမို့ပါ။

``လုပ်ချင်ပါတယ်ဘုရား ဒါပေမဲ့ တပည့်တော်တို့က ဘွဲ့ရဖို့မပြောနဲ့ ဆယ်တန်းတောင်မအောင်ခဲ့တော့ ဘယ်သူကမှအလုပ်မပေးချင်ဘူး ဘု၇ား´´တဲ့။

``ငါအလုပ်ရှာပေးလို့ အလုပ်ရရင်လုပ်မလား´´လို့ မေးကြည့်တော့ လုပ်မယ်ဆိုတာနဲ့ အသိဒကာတစ်ယောက်ရဲ့ အလုပ်ထဲထည့် ပေးလိုက်ရပါတယ်။ အေးသွားမလားမှတ်တာ မအေးသေးပါဘူး။ နောက်နေ့မနက်လည်း လာမျှားနေတဲ့သူကရှိနေပါသေးတယ်။ သူတို့ကတော့ ``အပျင်းပြေ´´လာမျှားတာပါတဲ့။ အလုပ်လဲရှိပါတယ်တဲ့။

ဒီလောက်အပျင်းဖြေစရာတဲ့ ပေါများတဲ့ခေတ်ကြီးထဲမှာ ``သူတစ်ပါးကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ပြီးတော့ အပျင်းဖြေတာကတော့ လွန်ကိုလွန်လွန်းလှပါတယ်´´။ ကျန်တဲ့အပန်းဖြေနည်းက ပိုက်ဆံမတတ်နိုင်လို့နေမှာပေါ့ဆိုရအောင်လည်း သိန်းသုံးလေးရာကားစီးပြီး ငါးလာမျှားကြတဲ့သူတွေပါ။

ဒါနဲ့ ``ငါးတွေဗိုက်ဝရင်တော့ သူတို့ချိတ်က အစာကိုမစားတန်ကောင်းပါရဲ့´´လို့ တွေးမိပြီး မနက်တိုင်းနေ့စဉ် ငါးစာကျွေးလာတာ တစ်နှစ်လောက်ရှိပါပြီ။ ``အစားတစ်လုပ်ကို အသက်နဲ့ရင်းပြီးစားနေကြရတဲ့ ငါးတွေကို မကြည့်ရက်လို့ပါ´´

ကိုယ်ကလည်း အကြောင်းကြောင်းတွေကြောင့် ဆွမ်းခံမထွက်နိုင်တော့ ဆန်နို့ဆီဗူးတစ်လုံးကို ပေါင်းအိုလေးနဲ့ချက်ပြီး ရွာကအမေပို့ပေးတဲ့ အကြော်အလှော်လေးနဲ့ စားပါတယ်။ ဆန်နို့ဆီဗူးတစ်လုံးကုန်အောင် မစားနိုင်ပါဘူး။ တစ်ဝက်ပဲကုန်ပါတယ်။ ကျန်တစ်ဝက်က ကြွက်ကျွေးတာပါ။ သူတို့ကလည်း မကျွေးလို့မဖြစ်ပါဘူး။ မကျွေးရင် စာအုပ်တွေကို ကျောင်းသွားနေတုန်းကိုက် ဖြတ်ထားလိုက်ကြတာ မွစာကြဲလို့ပါပဲ။

အခုတော့ ငါးတွေပါကျွေးနေရတော့ တစ်နေ့ဆန်နို့ဆီဗူးနှစ်လုံး ချက်ရပါတယ်။ ငါးကများတော့ တစ်လုံးချက်လောက်ကွှေးမှ ၀ကြမယ်ထင်လို့ပါ။

တစ်နေ့ကကျောင်းကို သူငယ်ချင်းတစ်ယောက်လာလည်တော့ ငါးကျွေးတာကိုမြင်ပြီး ``ကိုခေမာက ဘုန်းကြီးပြီး လာဘ်လာဘပေါချင်လို့လား´´တဲ့။ မဟုတ်ဘူးပြောပေမဲ့လည်း မယုံတာနဲ့ ကိုယ်တော်က ဘာလို့အဲလိုတပည့်တော်ကို ပြော၇တာလည်းလို့ ပြန်မေးမိတော့ သူကဇာတ်လမ်းတစ်ပုဒ်ကို ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောပြပါတယ်။ အဖွဲ့အနွဲ့များကို ဖယ်ရှားပစ်လိုက်ပါက သူပြောတဲ့ဇာတ်လမ်းက အခုလိုမျိုးပါ.....။

တစ်ခါတုန်းက သီဟိုဠ်ကျွန်းမှာ ရောဟဏဆိုတဲ့ ဇနပုဒ်လေးတစ်ခုရှိပါတယ်။ အဲဒီဇနပုဒ်ဘေးနားမှာ ကပ္ဖန္တရဆိုတဲ့ မြစ်တစ်ခု လည်းရှိပါတယ်။ မြစ်ဘေးနားမှာ ဥတ္တရာဝိဟာရဆိုတဲ့ ကျောင်းတိုက်တစ်တိုက်ရှိပါသေးတယ်။

ထိုကျောင်းမှာ ``ဂုရုဒေ၀´`ဆိုတဲ့ သူတောင်းစားတစ်ယောက်ရှိပါတယ်။ သူကရဟန်းတော်တွေဆီက အကြွင်းအကျန်းလေးတွေ တောင်းစားပြီး ဘာကိုမျှမလုပ်ပဲ အိပ်လိုက်စားလိုက်နဲ့ နေ့ရက်တွေကို ဖြုန်းတီးနေသူတစ်ယောက်ပါ။

တစ်နေ့တော့ မထေရ်ကြီးဟာ ကျောင်းစဉ်လှည့်လည်ရင်းနဲ့ သူ့ကိုမြင်သွားပြီး ``ဒီသတ္တ၀ါသေရင် ဘယ်ဘ၀ကိုရောက်မှာပါလိမ့်´´ဆိုပြီး ဆင်ခြင်ကြည့်တော့ ခုနှစ်ရက်နေရင်သေပြီးတော့ ငရဲမှာဖြစ်မယ်ဆိုတာ သိတော်မူပါတယ်။ သူ့ကိုသနားတာနဲ့ ခေါ်ပြီးတော့ ဆုံးမတော်မူပါတယ်။

``သင်ဟာ ဟိုဘ၀က ကုသိုလ်ကောင်းမှုများမပြုခဲ့လို့ ဒီဘ၀မှာ မိဘမရှိ ညီအစ်ကိုမောင်နှမမရှိ ဆွေမရှိမျိုးမရှိနဲ့ဖြစ်ရတယ်။ေ၇ွှငွေဥစ္စာရတနာလည်းမရှိ၊ မိတ်ကောင်းဆွေကောင်းလည်းမရှိ၊ အားကိုဖွယ်ရာ ဆရာကောင်းသမားကောင်းလည်းမရှိဘူး၊ မင်းဝတ်ထားတဲ့ အ၀တ်အစားကလည်း ရွံစရာတောင်ကောင်းနေပါပြီ။´´

``မင်းမှာ ဖျာတောင်မရှိလို့ မြေကြီးဘာမှမခင်းပဲ ဒီအတိုင်းအိပ်ရတယ်။ အိမ်တကာချာချာလှည့်တောင်းပြီးတော့ အသက်မွေးရတယ်။ မင်းပုံစံက အရိုးဂေါက်ဂက်နဲ့ အဆီမရှိအသားမရှိတဲ့ ပြိတ္တာတစ်ကောင်နဲ့ တူနေပြီ။ သူများတွေက စားကောင်းသောက်ဖွယ်တွေ စားနေတာမြင်ရင် မျှော်ငေးကြည့်ပြီးတော့ ကိုယ့်တံထွေးကိုမျိုချပြီး အာသာဖြေရတယ်။ ဒါတွေဟာ မင်းဟိုဘ၀က ဘာကုသိုလ်ကောင်းမှုမှ မလုပ်ခဲ့လို့ ဖြစ်ရတာတွေပဲ´´

``နောက်ဘ၀မှာ အစီးအပွါး၏ အထောက်အပံ့ဖြစ်အောင် အကျိုးစီးပွါးဖြစ်စေတတ်တဲ့ အကြောင်းကောင်းမှုကို မပြုပဲ စားပြီးအိပ်နေတယ်၊ ဘ၀သုံးပါး၌ သင်နှင့်တူသော ကိုယ်၏ရန်သူသည် မရှိခဲ့ပါတကား..´´
(ဒီဘ၀ဒါလောက်ဆင်းရဲမွဲတေနေတာတောင် နောက်ဘ၀ချမ်းသာအောင် ဘာကုသိုလ်မှ မလုပ်ပဲစားပြီးအိပ်နေတယ်။ သင်သာလျှင် သင့်ဘ၀ကို ဖျက်ဆီးပစ်နေသူပဲ။ ဒါကြောင့် သင့်ရဲ့ရန်သူဟာ သင်သာဖြစ်တယ်လို့ ပြောလိုရင်းပါ)

``တပည့်တော်လို မွဲတေနေသူတစ်ယောက်က ဘယ်လိုကုသိုလ်များ လုပ်နိုင်မှာလဲဘုရား၊ လုပ်နိုင်တဲ့နည်းလေးရှိရင် အရှင်ဘုရားပြောပြပါ´´ လို့ သူတောင်းစားက ပြန်ပြီးလျှောက်လိုက်ပါတယ်။

``ကျောင်းဘေးက မြစ်ထဲမှာ ငါးပေါင်းများစွာ နေထိုင်ကြတယ်၊ အဲဒီငါးတွေကို နေ့စဉ်မင်းစားပိုတဲ့ အကြွင်းအကျန်များကို ကျွေးပါ၊ ပြီးရင် ငါးပါးသီလကို နေ့စဉ်စောင့်ထိန်းပါ၊ ဒါဆိုရင် မင်းချမ်းသာပါလိမ့်မယ်´´လို့ မိန့်ကြားပြိး အနားကထွက်သွားခဲ့ပါတယ်။

ရဟန်းတော်ညွှန်ပြတဲ့အတိုင်း ပြုလုပ်တဲ့ သူတောင်းစားဟာ ခုနှစ်ရက်နေတော့သေပြီး မဟာဂါမမြို့အနီးက ချမ်းသာတဲ့အိမ်တစ်အိမ်မှာ လူဖြစ်ပါတယ်တဲ့။ နောက်ပိုင်းသူဟာ ဒုဋ္ဌဂါမဏိမင်းရဲ့ အားကိုးခြင်းကိုခံရတဲ့ သူရဲကောင်းတစ်ယောက်ဖြစ်သွားပြီး ဒုဋ္ဌဂါမဏိမင်းနဲ့ အတူ ဥပုသ်စောင့်ထိန်း ဒါနမှုကိုပြုပြီး သေတော့ နတ်ပြည်မှာ ဖြစ်သွားရပါတယ်တဲ့။

ကိုယ်က ဒီဇာတ်လမ်းကို ကြားဘူးသိဘူးလို့ အားကျပြီး ဒီအလုပ်ကို လုပ်နေတာမဟုတ်ပေမဲ့ သူကအခုလိုပြောပြတော့လည်း ကိုယ့်အလုပ်ကိုတွေးပြီးတော့ ၀မ်းသာကြည်နူးသွားရတာတော့ အမှန်ပါ။

တကယ်တော့ ဒီဇာတ်လမ်းလေးကို သူမပြောခဲ့ရင်လည်း ဒီကျောင်းမှာ နေထိုင်တဲ့ ကာလပတ်လုံး ဒီငါးတွေကို ကျွေးမွေးသွားမယ်လို့ အစကထဲက စိတ်ကူးရှိခဲ့ပြီးသားပါ။

``သတ္တ၀ါအများ သူတစ်ပါးတို့၏ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံရခြင်းဘေးမှ တစ်နေ့တစ်ခြား ကင်းဝေးနိုင်ကြပါစေ´´

0 comments:

Post a Comment